5 ထို့အပြင် သင်ရို့သည် မိမိ၏သားကဲ့သို့ သင်ရို့အား မိန့်တော်မူသော အားပီးတိုက်တွန်းထားသည့် စကားကို မိ့လားကြလေပြီ။
"ငါ့သား၊ သခင်ဘုရား၏ ဆုံးမပဲ့ပြင်တော်မူခြင်းကို အလေးမထားဘဲမနိန်ကေ့။
ကိုယ်တော်သည် သင့်အား အပြစ်ကို ဖော်ပြ၍ ဆုံးမ သောအခါ စိတ်ဓါတ်မကျကေ့။
6 အကြောင်းမူကား သခင်ဘုရားသည် ချစ်တော်မူသောသူကို ဆုံးမပဲ့ပြင်တတ်၏။
မိမိ၏သားအဖြစ် လက်ခံတော်မူသောသူတိုင်းကို ပြစ်ဒဏ်ပီးတော်မူတတ်၏"
7 ဘုရားသခင်သည် သင်ရို့ကို မိမိ၏သားကဲ့သို့ ပြုမူဆက်ဆံတော်မူသည်ဖြစ်၍ ထိုကဲ့သို့ ဆုံးမပဲ့ပြင်တော်မူခြင်းကြောင့် ခံရသောဒုက္ခဆင်းရဲခြင်းကို သည်းခံကြလော့။ အကြောင်းမူကား ဖခင်၏ ဆုံးမပဲ့ပြင်ခြင်းကို မခံရသော သားဟူ၍ ဟိသလော။ 8 သားသမီးရို့ခံရသော ဆုံးမပဲ့ပြင်ခြင်းကို သင်ရို့ မခံရလျှင် သင်ရို့သည် သားအရင်း မဟုတ်၊ သျှောက်သားတိသာ ဖြစ်ကြ၏။ 9 ထို့အပြင် ငါရို့ကို ဆုံးမပဲ့ပြင်သော အသွီးအသားနှင့် စပ်ဆိုင်သော ဖခင်များသည် ငါရို့အားလုံးမှာ ဟိကြ၏။ ငါရို့သည် ထိုသို့ ဆုံးမပဲ့ပြင်ခြင်းကြောင့် ထိုဖခင်ရို့ကို ရိုသီလေးစားကြ၏။ သို့ဖြစ်လျှင် ငါရို့စိတ်ဝိညာဉ်များ၏ဖခင်ကို သာ၍ပင် နာခံ၍ အသက်ရှင်ကြရမည် မဟုတ်ပါလော။