7 ဘုရားသခင်သည် သင်ရို့ကို မိမိ၏သားကဲ့သို့ ပြုမူဆက်ဆံတော်မူသည်ဖြစ်၍ ထိုကဲ့သို့ ဆုံးမပဲ့ပြင်တော်မူခြင်းကြောင့် ခံရသောဒုက္ခဆင်းရဲခြင်းကို သည်းခံကြလော့။ အကြောင်းမူကား ဖခင်၏ ဆုံးမပဲ့ပြင်ခြင်းကို မခံရသော သားဟူ၍ ဟိသလော။ 8 သားသမီးရို့ခံရသော ဆုံးမပဲ့ပြင်ခြင်းကို သင်ရို့ မခံရလျှင် သင်ရို့သည် သားအရင်း မဟုတ်၊ သျှောက်သားတိသာ ဖြစ်ကြ၏။ 9 ထို့အပြင် ငါရို့ကို ဆုံးမပဲ့ပြင်သော အသွီးအသားနှင့် စပ်ဆိုင်သော ဖခင်များသည် ငါရို့အားလုံးမှာ ဟိကြ၏။ ငါရို့သည် ထိုသို့ ဆုံးမပဲ့ပြင်ခြင်းကြောင့် ထိုဖခင်ရို့ကို ရိုသီလေးစားကြ၏။ သို့ဖြစ်လျှင် ငါရို့စိတ်ဝိညာဉ်များ၏ဖခင်ကို သာ၍ပင် နာခံ၍ အသက်ရှင်ကြရမည် မဟုတ်ပါလော။ 10 အကြောင်းမူကား ငါရို့၏အသွီးအသားနှင့် စပ်ဆိုင်သော ဖခင်များသည် အကောင်းဆုံးဟု ထင်မှတ်၍ တစ်ဒင်္ဂကာလအတွက် ဆုံးမပဲ့ပြင်တတ်ကြ၏။ ဘုရားသခင်သည်ကား မိမိ၏သန့်ယှင်းခြင်းပါရမီ၌ ငါရို့ကို ဝင်စားစီခြင်းငှာ ငါရို့၏ကောင်းကျိုးချမ်းသာအတွက် ဆုံးမပဲ့ပြင်တော်မူ၏။