3 ထို့ကြောင့် ယေသျှုသည် သူရို့အား ပုံဥပမာဆောင်လျက် ပြောကြားတော်မူသည်မှာ၊
4 "သင်ရို့ထဲက တစ်ယောက်သောသူ၌ သိုးအကောင်တစ်ရာဟိပြီး၊ တစ်ကောင်ပျောက်လားလျှင် ဇာပိုင် လုပ်ကြမည်နည်း။ သူသည် သိုးကိုးဆယ်ကိုးကောင်ကို စားကျက်တွင်ထားခပြီး ပျောက်လားသော သိုးတစ်ကောင်ကို လား၍ ရှာလိမ့်မည်။ 5 ထိုသိုးကို တွိ့သောအခါ သူသည် ပျော်ရွှင်စွာဖြင့် မိမိ၏ပခုံးထက်တွင် ထမ်းလာလိမ့်မည်။ 6 သူသည် အိမ်သို့ ပြန်ရောက်သောအခါ မိမိ၏အဆွီခင်ပွန်းတိနှင့် အိမ်နီးချင်းတိကို ခေါ်၍ ‘ငါသည် ပျောက်လားခသောသိုးကို ပြန်တွိ့သည်ဖြစ်၍ ငါနန့်အတူ ဝမ်းမြောက်ပျော်ရွှင်ကြလော့’ ဟု ဆိုလိမ့်မည်။ 7 ယင်းနည်းတူ နောင်တမရသော ဂုဏ်သရေဟိသောလူ ကိုးဆယ်ကိုးယောက်ထက် နောင်တရသော အပြစ်သားတစ်ယောက်အတွက် ကောင်းကင်ဘုံ၌ သာ၍ ဝမ်းမြောက်ရွှင်လန်းစရာဖြစ်လိမ့်မည်ဟု သင်ရို့ကို ငါဆို၏" ဟူ၍ ဖြစ်သတည်း။