24 ယောဟန်၏ စီတမန်များသည် အထံတော်မှ ထွက်လားကြပြီးနောက် ယေသျှုသည် ယောဟန်အကြောင်းနှင့် ပတ်သတ်၍ လူအစုအဝေးအား၊ "သင်ရို့သည် ဇာကို ကြည့်ရှုခြင်းငှာ တောကန္တရသို့ လားကြသနည်း၊ လေတိုက်၍ လှုပ်သည့် ကျူပင်ကို ကြည့်ရန် လားကြသလော၊ 25 သို့တည်း မဟုတ် ဝတ်ကောင်းစားကောင်း ဝတ်ထားသောလူကို ကြည့်ခြင်းငှာ လားကြသလော၊ ဝတ်ကောင်းစားကောင်း ဝတ်ပြီးလျှင် စည်းစိမ်ခံစားနိန်သော လူတိကား မင်းစိုးရာဇာအိမ်တိတွင် နီထိုင်ကြ၏။ 26 ငါ့ကို ပြောလော့၊ ပရောဖက်ကို ကြည့်ရန် လားကြသလော၊ မှန်ပါ၏။ ပရောဖက်ထက် သာ၍ ကြီးမြတ်သူကို ကြည့်ဖို့ လားကြခြင်းဖြစ်၏။ 27 ကျမ်းစာလာသည်ကား၊ ‘သင်၏လမ်းကို အသင့်ဖြစ်စီရန် ငါ့၏ စီတမန်ကို သင်၏ ရှိ့၌ ငါစီရွှတ်မည်’ ဟု ဆိုရာ၌ ယောဟန်ကို ဆိုလိုခြင်းဖြစ်၏။ 28 ငါဆိုသည်ကား၊ မိန်းမမွီးသော လူတိထဲ၌ ယောဟန်ထက်ကြီးမြတ်သော လူတစ်ယောက်မှ မဟိ။ သို့သော်လည်း ဘုရားသခင်၏ နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် ယောဟန်ထက် သာ၍ ကြီးမြတ်သည်" ဟု မိန့်တော်မူ၏။
29 ၇.၂၉–၃၀ မ ၂၁.၃၂; လု ၃.၁၂ အခွန်ခံသောသူတိမှစ၍ လူအပေါင်းရို့သည် ယောဟန်၏ဗတ္တိဇံကို ခံယူခသဖြင့် ကိုယ်တော်၏စကားကို ကြားသောအခါ ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို အသိမှတ်ပြုကြ၏။ 30 သို့စေကာမူ ဖာရိယှဲနှင့် ကျမ်းတတ်ဆရာရို့က၊ မိမိရို့အတွက် ဘုရားသခင်ထားတော်မူသော အကြံအစည်တော်ကို ငြင်းပယ်သူများ ဖြစ်ကြသောကြောင့် ယောဟန်ပါးတွင် ဗတ္တိဇံကို မခံယူကြ။