ယာဣရု၏သမီးနှင့် ယေသျှု၏အဝတ်တော်ကို တို့ထိသော မိန်းမ
21 ထို့နောက် ယေသျှုသည် ကမ်းတစ်ဖက်သို့ ပြန်ကူး၍ အိုင်နား၌ ဟိတော်မူစဉ် များစွာသောလူရို့သည် အထံတော်သို့ စုရုံးလာကြ၏။ 22 ထိုအခါ ယာဣရုဟု အမည်ဟိသူ တရားဇရပ်မှူးတစ်ယောက်သည် လာ၍ ယေသျှုကို မြင်လျှင် ခြီတော်ရင်း၌ ပျပ်ဝပ်လျက်၊ 23 "အကျွန်၏သမီးသျှေ သီဖို့ ဖြစ်နိန်ယာ။ ထိုအသျှေကို အသက်ရှင်ကျန်းမာစီခြင်းငှာ ကိုယ်တော်ကြွပြီးလျှင် အသျှေထက်မှာ လက်တော်ကို တင်ပီးတော်မူပါ" ဟု ကိုယ်တော့်ကို အနူးအညွှတ်တောင်းပန်လေ၏။
24 ထို့ကြောင့် ယေသျှုသည် ထိုသူနှင့်လိုက်လား၏။ များစွာသောလူရို့သည် ဝိုင်းအုံလျက် လိုက်သဖြင့် ကိုယ်တော့်ကို တို့မိ၊ ထိမိကြ၏။
25 ထိုအခါ မိန်းမတစ်ယောက်သည် တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွီးသွန်နာခံစားရ၍၊ 26 ဆီးသမားပေါင်းစုံ၌ ကုသမှုကို ခံယူသောကြောင့် မိမိ၌ ဟိသမျှသောဥစ္စာများပင် ကုန်ဆုံးသော်လည်း သက်သာခြင်းမဟိသည့်အပြင် အခြေအနေပို၍ ဆိုးဝါးလာ၏။ 27,28 သူမသည် ယေသျှု၏ သတင်းတော်ကို ကြားသည်ဟိသော်၊ "ထိုသူ၏အဝတ်တော်ကို အကျွန်သည် တို့ထိခွင့်ရလျှင် ဤရောဂါမှ ပကတိကျန်းမာလားမည်" ဟု ဆိုလျက်၊ လူအပေါင်းရို့ကြားမှ တိုးဝင်းကာ ကိုယ်တော်၏ နောက်တော်သို့ ရောက်လာ၍ အဝတ်တော်ကို တို့လေ၏။
29 ထိုသို့ တို့ပြီးသည်နှင့် ချက်ချင်း သွီးသွန်ခြင်း တန့်လားသည်ဖြစ်၍ မိမိကိုယ်ခန္ဓာ၌ ထိုရောဂါ ပျောက်ကင်းသည်ကို သိလေ၏။ 30 ယေသျှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်း သိတော်မူလျှင်၊ နောက်တော်သို့ လှည့်၍ "ငါ့ အဝတ်ကို ဇာသူ တို့သနည်း" ဟု မိန်းတော်မူ၏။
31 တပည့်တော်တိကလည်း "ကိုယ်တော်၊ ဤမျှလောက် လူတိကြိတ်ကြိတ်တိုးကာ လိုက်နိန်ကြသည်ကို မြင်လျက်နှင့်ပင် ‘ငါ့ကို ဇာသူ တို့သနည်း’ ဟု မိန်းတော်မူသိမ့်လော" ဟု မိန်းလျှောက်ကြ၏။
32 သို့ရာတွင် ကိုယ်တော်သည် မိမိအား မည်သူ တို့သည်ကို သိတော်မူခြင်းငှာ လှည့်ပတ်ကြည့်တော်မူ၏။ 33 ထိုအမျိုးသမီးသည် မိမိ၌ မည်သို့ဖြစ်သည်ကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက်၊ ရှိ့တော်သို့ လာရောက်ပျပ်ဝပ်၍ ဖြစ်သမျှသော အကြောင်းအရာတိကို အဟုတ်အမှန် ကြားလျှောက်လေ၏။ 34 ယေသျှုကလည်း "ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစီယာ၊ စိတ်ချလက်ချရာ ပြန်လားလီ၊ သင်၏အနာရောဂါပျောက်ကင်းစီ" ဟု မိန့်တော်မူ၏။
35 ထိုသို့ မိန့်တော်မူစဉ် ယာဣရု၏အိမ်မှ လူသည် ရောက်လာ၍ "သင်၏ သမီးကား သီယာ။ ဤဆရာကို ဇာတွက် ဒုက္ခပီးနိန်သိမ့်သနည်း" ဟု ဆိုကြ၏။
36 ယေသျှုသည် ထိုသူရို့၏စကားကို ကြားသော်လည်း၊ စိတ်နှလုံးထဲ၌ မထားဘဲ၅.၃၆ စိတ်နှလုံးထဲ၌ မထားဘဲ၊ သို့မဟုတ် အာရုံ မထားဘဲ။ ထိုသူအား "မကြောက်ကေ့။ ယုံကြည်ခြင်းသာ ဟိလော့" ဟု တရားဇရပ်မှူးအား မိန့်တော်မူ၏။ 37 ထို့နောက် ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်ညီ ယောဟန်ရို့ မှတစ်ပါး မည်သူကိုမျှ မလိုက်စီဘဲ၊ 38 ယာဣရု၏အိမ်သို့ကြွ၍ ရောက်လျှင် လူရို့သည် အုတ်အုတ်သဲသဲ ပြုနိန်ကြသည်ကိုလည်းကောင်း၊ လွန်စွာ မြည်တမ်းငိုကြွီးနိန်ကြသည်ကိုလည်းကောင်း မြင်တော်မူလျှင်၊ 39 ကိုယ်တော်သည် အိမ်ထဲသို့ ဝင်၍ "ဇာကြောင့် ဝိုင်းအုံ၍ ငိုနိန်ကြသနည်း။ ဤသူငယ်မသျှေ သီကျလားသည် မဟုတ် — အိပ်ပျော်နိန်ခြင်းသာ ဖြစ်၏" ဟု မိန့်တော်မူ၏။
40 ထိုအခါ လူရို့သည် ကိုယ်တော့်ကို လှောင်ပြောင်ကြ၏။ ကိုယ်တော်သည် ထိုသူရို့ကို အပြင်သို့ ထွက်ခိုင်းစီပြီးမှ သူငယ်မ၏ မိဘတိနှင့် တပည့်တော်သုံးယောက်ကို ခေါ်၍ သူငယ်မသျှေဟိရာ အခန်းသို့ ဝင်တော်မူ၏။ 41 ကိုယ်တော်သည် သူငယ်မသျှေ၏ လက်ကိုဆုပ်ကိုင်ကာ "တလိသကုမိ" ဟု မိန့်တော်မူ၏။ အနက်ကား "မိန်းမငယ် ထလော၊ ငါ ဆို၏" ဟု ဆိုလိုသတည်း။
42 ထိုသို့ မိန့်တော်မူပြီးနောက် သူငယ်မသျှေသည် ချက်ချင်းထ၍ လမ်းလျှောက်လေ၏။ ထိုသူငယ်မသျှေကား တစ်ဆယ့်နှစ်နှစ် သမီးအရွယ် ဖြစ်၏။ ထိုအခါ လူရို့သည် အလွန်အံ့သြကြ၏။ 43 ကိုယ်တော်ကလည်း ထိုအမှုအရာကို မည်သူ့ကိုမျှ မပြောစီခြင်းငှာ ထိုသူရို့အား တင်းကြပ်စွာမိန့်တော်မှုပြီးလျှင် "ဤသူငယ်မသျှေကို စားစာရာ တစ်စုံတစ်ခု ကျွေးလော့" ဟု မိန့်တော်မူ၏။