အဆင်းသဏ္ဌာန်ပြောင်းလဲခြင်း
1 ခြောက်ရက်ကြာသောအခါ ယေသျှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်ရို့ကို မိမိနှင့် အတူ ခေါ်ယူပြီးလျှင် လူသူကင်းမဲ့သော တောင်ကုန်းမြင့်ထက်သို့ ကြွတော်မူ၏။ 2 ထိုအရပ်၌ တပည့်တော်ရို့ ရှိ့တွင် ယေသျှုသည် အဆင်းသဏ္ဌာန်ပြောင်းလဲလာ၏၊ ကိုယ်တော်၏မျက်နှာတော်သည် နီကဲ့သို့ ထွန်းလင်းနိန်ပြီး၊ ဝတ်ရုံတော်သည် ငွီရောင်ကဲ့သို့ လင်းလက်တောက်ပနိန်၏။ 3 ထို့နောက် သူရို့ရှိ့၌ မောသျှေနှင့် ဧလိယသည် ပေါ်လာ၍ ယေသျှုနှင့် စကားပြောနိန်ကြ၏။ 4 ထိုအခါ ပေတရုက "အသျှင်ဘုရား၊ ဤအရပ်သည် အကျွန်ရို့အတွက် နီစရာကောင်းပါ၏။ သို့ဖြစ်၍ ကိုယ်တော်အလိုဟိလျှင် အကျွန်သည် ကိုယ်တော်အတွက် တဲတစ်ဆောင်၊ မောသျှေအတွက် တဲတစ်ဆောင်၊ ဧလိယအတွက် တဲတစ်ဆောင်၊ တဲသုံးဆောင် ဆောက်ပါမည်" ဟု ယေသျှုအား ပြောလေ၏။
5 ၁၇.၅ မ ၃.၁၇; ၁၂.၁၈; မာ ၁.၁၁; လု ၃.၂၂ ပေတရု စကားပြောနိန်ချိန်မှာ တလက်လက်တောက်ပနိန်သော မိုးတိမ်တိုက်တစ်ခုသည် သူရို့ထက်၌ ပေါ်လာပြီး "ဤသူသည် ငါ နှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏၊ သူ၏စကားကို နားထောင်ကြလော့" ဟူသော အသံဖြင့် ထိုမိုးတိမ်မှ မိန့်တော်မူ၏။