1 תְּהִלָּ֗ה לְדָ֫וִ֥ד אֲרוֹמִמְךָ֣ אֱלוֹהַ֣י הַמֶּ֑לֶךְ וַאֲבָרֲכָ֥ה שִׁ֝מְךָ֗ לְעוֹלָ֥ם וָעֶֽד׃ 2 בְּכָל־י֥וֹם אֲבָרֲכֶ֑ךָּ וַאֲהַלְלָ֥ה שִׁ֝מְךָ֗ לְעוֹלָ֥ם וָעֶֽד׃ 3 גָּ֘ד֤וֹל יְהוָ֣ה וּמְהֻלָּ֣ל מְאֹ֑ד וְ֝לִגְדֻלָּת֗וֹ אֵ֣ין חֵֽקֶר׃ 4 דּ֣וֹר לְ֭דוֹר יְשַׁבַּ֣ח מַעֲשֶׂ֑יךָ וּגְב֖וּרֹתֶ֣יךָ יַגִּֽידוּ׃ 5 הֲ֭דַר כְּב֣וֹד הוֹדֶ֑ךָ וְדִבְרֵ֖י נִפְלְאוֹתֶ֣יךָ אָשִֽׂיחָה׃ 6 וֶעֱז֣וּז נוֹרְאֹתֶ֣יךָ יֹאמֵ֑רוּ וגדולתיך אֲסַפְּרֶֽנָּה׃ 7 זֵ֣כֶר רַב־טוּבְךָ֣ יַבִּ֑יעוּ וְצִדְקָתְךָ֥ יְרַנֵּֽנוּ׃ 8 חַנּ֣וּן וְרַח֣וּם יְהוָ֑ה אֶ֥רֶךְ אַ֝פַּ֗יִם וּגְדָל־חָֽסֶד׃ 9 טוֹב־יְהוָ֥ה לַכֹּ֑ל וְ֝רַחֲמָ֗יו עַל־כָּל־מַעֲשָֽׂיו׃ 10 יוֹד֣וּךָ יְ֭הוָה כָּל־מַעֲשֶׂ֑יךָ וַ֝חֲסִידֶ֗יךָ יְבָרֲכֽוּכָה׃ 11 כְּב֣וֹד מַלְכוּתְךָ֣ יֹאמֵ֑רוּ וּגְבוּרָתְךָ֥ יְדַבֵּֽרוּ׃ 12 לְהוֹדִ֤יעַ ׀ לִבְנֵ֣י הָ֭אָדָם גְּבוּרֹתָ֑יו וּ֝כְב֗וֹד הֲדַ֣ר מַלְכוּתֽוֹ׃ 13 מַֽלְכוּתְךָ֗ מַלְכ֥וּת כָּל־עֹֽלָמִ֑ים וּ֝מֶֽמְשֶׁלְתְּךָ֗ בְּכָל־דּ֥וֹר וָדֽוֹר׃ 14 סוֹמֵ֣ךְ יְ֭הוָה לְכָל־הַנֹּפְלִ֑ים וְ֝זוֹקֵ֗ף לְכָל־הַכְּפוּפִֽים׃ 15 עֵֽינֵי־כֹ֭ל אֵלֶ֣יךָ יְשַׂבֵּ֑רוּ וְאַתָּ֤ה נֽוֹתֵן־לָהֶ֖ם אֶת־אָכְלָ֣ם בְּעִתּֽוֹ׃ 16 פּוֹתֵ֥חַ אֶת־יָדֶ֑ךָ וּמַשְׂבִּ֖יעַ לְכָל־חַ֣י רָצֽוֹן׃ 17 צַדִּ֣יק יְ֭הוָה בְּכָל־דְּרָכָ֑יו וְ֝חָסִ֗יד בְּכָל־מַעֲשָֽׂיו׃ 18 קָר֣וֹב יְ֭הוָה לְכָל־קֹרְאָ֑יו לְכֹ֤ל אֲשֶׁ֖ר יִקְרָאֻ֣הוּ בֶאֱמֶֽת׃ 19 רְצוֹן־יְרֵאָ֥יו יַעֲשֶׂ֑ה וְֽאֶת־שַׁוְעָתָ֥ם יִ֝שְׁמַ֗ע וְיוֹשִׁיעֵֽם׃ 20 שׁוֹמֵ֣ר יְ֭הוָה אֶת־כָּל־אֹהֲבָ֑יו וְאֵ֖ת כָּל־הָרְשָׁעִ֣ים יַשְׁמִֽיד׃ 21 תְּהִלַּ֥ת יְהוָ֗ה יְֽדַבֶּ֫ר־פִּ֥י וִיבָרֵ֣ךְ כָּל־בָּ֭שָׂר שֵׁ֥ם קָדְשׁ֗וֹ לְעוֹלָ֥ם וָעֶֽד׃
ထောမနာသီချင်း
1 အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ကို ချီးမြှောက်ပါမည်။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းချီးပေးပါမည်။ 2 ကိုယ်တော်ကို နေ့တိုင်းအစဉ် ကောင်းချီးပေးပါမည်။ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်းပါမည်။ 3 ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကို စစ်၍မကုန်နိုင်။ 4 အမှုတော်တို့ကို လူမျိုးအဆက်ဆက်တို့သည် ချီးမွမ်း၍၊ တန်ခိုးတော်များကို ဟောပြောကြပါလိမ့်မည်။ 5 အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုးအာနုဘော်တော်ကိုလည်းကောင်း၊ အံ့ဖွယ်သော အမှုတော်တို့ကိုလည်းကောင်း မြွက်ဆိုပါမည်။ 6 သူတို့သည် ကြောက်မက်ဖွယ်သော အမှုတော်တို့၌ပါသော တန်ခိုးကိုမြွက်ဆို၍၊ အကျွန်ုပ်သည်လည်း၊ ကြီးမြတ်တော်မူခြင်း အကြောင်းကို ကြားပြောပါမည်။ 7 သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဖို့ရာ မြွက်ဆို၍၊ ဖြောင့်မတ်တော်မူခြင်းအရာကို ရွှင်လန်းစွာ သီချင်းဆိုကြပါလိမ့်မည်။
8 ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံ၍၊ ခန္တီတော်နှင့် ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏။ 9 ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သောသဘောရှိ၍၊ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏။ 10 အိုထာဝရဘုရား၊ ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ကောင်းချီးပေးကြပါ၏။ 11 နိုင်ငံတော်၏ဘုန်းကိုလည်းကောင်း၊ တန်ခိုးတော်ကိုလည်းကောင်း ဟောပြောမြွက်ဆိုသဖြင့်၊ 12 တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့အား ဖော်ပြကြပါ၏။ 13 ကိုယ်တော်၏နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍၊ အာဏာတော်သည် ကာလအစဉ်အဆက်တည်ရပါ၏။ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မတော်မူ၏။ 14 နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။ 15 ခပ်သိမ်းသောသတ္တဝါတို့သည် ကိုယ်တော်ကိုမျှော်ကြည့်ကြ၍၊ အချိန်တန်မှ သူတို့ကို ကျွေးမွေးတော်မူ၏။ 16 လက်တော်ကိုဖွင့်၍၊ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။ 17 ထာဝရဘုရား၏လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍၊ ခပ်သိမ်းသောအမှုတော်တို့သည် သန့်ရှင်းကြပါ၏။ 18 ထာဝရဘုရားသည် ပတ္ထနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပတ္ထနာပြုသောသူအပေါင်းတို့၏အနီးအပါး၌ ရှိတော်မူ၏။ 19 ကြောက်ရွံ့သောသူတို့၏အလိုကို ပြည့်စုံစေတော်မူ၏။ ထိုသူတို့၏အော်ဟစ်ခြင်းကိုကြား၍ ကယ်တင်တော်မူ၏။ 20 ထာဝရဘုရားသည် ကြည်ညိုသူအပေါင်းတို့ကို စောင့်မတော်မူ၏။ မတရားသောသူအပေါင်းတို့ကိုကား၊ ဖျက်ဆီးတော်မူမည်။ 21 ထာဝရဘုရားကိုချီးမွမ်းလျက် ငါမြွက်ဆိုမည်။ ခပ်သိမ်းသောလူတို့သည် သန့်ရှင်းသောနာမတော်ကို ကမ္ဘာအဆက်ဆက် ကောင်းချီးပေးကြစေ။