1 בְּךָֽ־יְהוָ֥ה חָסִ֑יתִי אַל־אֵב֥וֹשָׁה לְעוֹלָֽם׃ 2 בְּצִדְקָתְךָ֗ תַּצִּילֵ֥נִי וּֽתְפַלְּטֵ֑נִי הַטֵּֽה־אֵלַ֥י אָ֝זְנְךָ֗ וְהוֹשִׁיעֵֽנִי׃ 3 הֱיֵ֤ה לִ֨י ׀ לְצ֥וּר מָע֡וֹן לָב֗וֹא תָּמִ֗יד צִוִּ֥יתָ לְהוֹשִׁיעֵ֑נִי כִּֽי־סַלְעִ֖י וּמְצוּדָתִ֣י אָֽתָּה׃ 4 אֱֽלֹהַ֗י פַּ֭לְּטֵנִי מִיַּ֣ד רָשָׁ֑ע מִכַּ֖ף מְעַוֵּ֣ל וְחוֹמֵץ׃ 5 כִּֽי־אַתָּ֥ה תִקְוָתִ֑י אֲדֹנָ֥י יְ֝הוִ֗ה מִבְטַחִ֥י מִנְּעוּרָֽי׃ 6 עָלֶ֤יךָ ׀ נִסְמַ֬כְתִּי מִבֶּ֗טֶן מִמְּעֵ֣י אִ֭מִּי אַתָּ֣ה גוֹזִ֑י בְּךָ֖ תְהִלָּתִ֣י תָמִֽיד׃ 7 כְּ֭מוֹפֵת הָיִ֣יתִי לְרַבִּ֑ים וְ֝אַתָּ֗ה מַֽחֲסִי־עֹֽז׃ 8 יִמָּ֣לֵא פִ֭י תְּהִלָּתֶ֑ךָ כָּל־הַ֝יּ֗וֹם תִּפְאַרְתֶּֽךָ׃ 9 אַֽל־תַּ֭שְׁלִיכֵנִי לְעֵ֣ת זִקְנָ֑ה כִּכְל֥וֹת כֹּ֝חִ֗י אַֽל־תַּעַזְבֵֽנִי׃ 10 כִּֽי־אָמְר֣וּ אוֹיְבַ֣י לִ֑י וְשֹׁמְרֵ֥י נַ֝פְשִׁ֗י נוֹעֲצ֥וּ יַחְדָּֽו׃ 11 לֵ֭אמֹר אֱלֹהִ֣ים עֲזָב֑וֹ רִֽדְפ֥וּ וְ֝תִפְשׂ֗וּהוּ כִּי־אֵ֥ין מַצִּֽיל׃ 12 אֱ֭לֹהִים אַל־תִּרְחַ֣ק מִמֶּ֑נִּי אֱ֝לֹהַ֗י לְעֶזְרָ֥תִי חישה׃ 13 יֵבֹ֣שׁוּ יִכְלוּ֮ שֹׂטְנֵ֪י נַ֫פְשִׁ֥י יַֽעֲט֣וּ חֶ֭רְפָּה וּכְלִמָּ֑ה מְ֝בַקְשֵׁ֗י רָעָתִֽי׃ 14 וַ֭אֲנִי תָּמִ֣יד אֲיַחֵ֑ל וְ֝הוֹסַפְתִּ֗י עַל־כָּל־תְּהִלָּתֶֽךָ׃ 15 פִּ֤י ׀ יְסַפֵּ֬ר צִדְקָתֶ֗ךָ כָּל־הַיּ֥וֹם תְּשׁוּעָתֶ֑ךָ כִּ֤י לֹ֖א יָדַ֣עְתִּי סְפֹרֽוֹת׃ 16 אָב֗וֹא בִּ֭גְבֻרוֹת אֲדֹנָ֣י יְהוִ֑ה אַזְכִּ֖יר צִדְקָתְךָ֣ לְבַדֶּֽךָ׃ 17 אֱֽלֹהִ֗ים לִמַּדְתַּ֥נִי מִנְּעוּרָ֑י וְעַד־הֵ֝֗נָּה אַגִּ֥יד נִפְלְאוֹתֶֽיךָ׃ 18 וְגַ֤ם עַד־זִקְנָ֨ה ׀ וְשֵׂיבָה֮ אֱלֹהִ֪ים אַֽל־תַּעַ֫זְבֵ֥נִי עַד־אַגִּ֣יד זְרוֹעֲךָ֣ לְד֑וֹר לְכָל־יָ֝ב֗וֹא גְּבוּרָתֶֽךָ׃ 19 וְצִדְקָתְךָ֥ אֱלֹהִ֗ים עַד־מָ֫ר֥וֹם אֲשֶׁר־עָשִׂ֥יתָ גְדֹל֑וֹת אֱ֝לֹהִ֗ים מִ֣י כָמֽוֹךָ׃ 20 אֲשֶׁ֤ר הראיתנו ׀ צָר֥וֹת רַבּ֗וֹת וְרָ֫ע֥וֹת תָּשׁ֥וּב תחיינו וּֽמִתְּהֹמ֥וֹת הָ֝אָ֗רֶץ תָּשׁ֥וּב תַּעֲלֵֽנִי׃ 21 תֶּ֤רֶב ׀ גְּֽדֻלָּתִ֗י וְתִסֹּ֥ב תְּֽנַחֲמֵֽנִי׃ 22 גַּם־אֲנִ֤י ׀ אוֹדְךָ֣ בִכְלִי־נֶבֶל֮ אֲמִתְּךָ֪ אֱלֹ֫הָ֥י אֲזַמְּרָ֣ה לְךָ֣ בְכִנּ֑וֹר קְ֝ד֗וֹשׁ יִשְׂרָאֵֽל׃ 23 תְּרַנֵּ֣נָּ֣ה שְׂ֭פָתַי כִּ֣י אֲזַמְּרָה־לָּ֑ךְ וְ֝נַפְשִׁ֗י אֲשֶׁ֣ר פָּדִֽיתָ׃ 24 גַּם־לְשׁוֹנִ֗י כָּל־הַ֭יּוֹם תֶּהְגֶּ֣ה צִדְקָתֶ֑ךָ כִּי־בֹ֥שׁוּ כִֽי־חָ֝פְר֗וּ מְבַקְשֵׁ֥י רָעָתִֽי׃
အသက်ကြီးသူ၏ဆုတောင်း
1 အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ်ခိုလှုံပါ၏။ အရှက်ကွဲခြင်းနှင့် အစဉ်ကင်းလွတ်ပါစေသော။ 2 တရားတော်နှင့်အညီ အကျွန်ုပ်ကိုနုတ်ယူ၍ လွှတ်တော်မူပါ။ နားတော်ကို အကျွန်ုပ်ဘက်သို့လှည့်၍ ကယ်တင်တော်မူပါ။ 3 အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ။ အကျွန်ုပ်ကို ကယ်တင်မည်အကြောင်း အမိန့်တော်ရှိ၍၊ အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ရဲတိုက် ဖြစ်တော်မူ၏။ 4 အကျွန်ုပ်၏ဘုရားသခင်၊ ဆိုးသောသူ၏လက်မှလည်းကောင်း၊ မတရားသောသူနှင့် ကြမ်းတမ်းသောသူ၏ လက်မှလည်းကောင်း အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ 5 အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်မျှော်လင့်ရာ ဖြစ်တော်မူ၏။ အကျွန်ုပ်ငယ်သောအရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏။ 6 အကျွန်ုပ်သည် ဖွားကတည်းကပင် ကိုယ်တော်ကိုမှီဝဲပါပြီ။ အမိဝမ်းတွင်းမှစ၍ ကျေးဇူးတော်ကို ခံရပါပြီ။ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။ 7 အကျွန်ုပ်သည် များစွာသောသူတို့၌ အံ့ဖွယ်သောအရာကဲ့သို့ ဖြစ်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သောခိုလှုံရာ ဖြစ်တော်မူ၏။ 8 ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောမနာစကားကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် မြွက်ဆိုပါစေသော။ 9 အကျွန်ုပ်ကို အိုသောအခါ ပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။ 10 ရန်သူတို့သည် အကျွန်ုပ်တစ်ဖက်၌ ပြောဆိုကြပါ၏။ အကျွန်ုပ်အသက်ကို ချောင်းကြည့်သောသူတို့က၊ 11 ဘုရားသခင်သည် သူ့ကို စွန့်ပစ်တော်မူ၏။ လိုက်၍ ဖမ်းကြကုန်အံ့။ ကယ်လွှတ်သောသူမရှိဟု တိုင်ပင်ပြောဆိုကြပါ၏။ 12 အိုဘုရားသခင်၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို မစခြင်းငှာ အလျင်အမြန် ပြုတော်မူပါ။ 13 အကျွန်ုပ်အသက်ကို ရန်ဘက်ပြုသော သူတို့သည် အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော။ အကျွန်ုပ်၌ အပြစ်ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် ကဲ့ရဲ့ခြင်း၊ အသရေပျက်ခြင်းနှင့် မွန်းကြပါစေသော။
14 အကျွန်ုပ်မူကား၊ အစဉ်မျှော်လင့်၍ ကိုယ်တော်ကို ချီးမွမ်းသမျှထက် သာ၍ ချီးမွမ်းပါမည်။ 15 ဖြောင့်မတ်တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွှန်ကြားပါမည်။ ကျေးဇူးတော်တို့ကို ရေတွက်၍ မကုန်နိုင်ပါ။ 16 အရှင်ထာဝရဘုရား၏ ဘုန်းတန်ခိုးတော်များကိုအမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။ 17 အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင်အောင် အံ့ဖွယ်သောအမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။ 18 တစ်ဖန်တုံ အိုဘုရားသခင်၊ အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏အစွမ်းသတ္တိကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သောသူအပေါင်းတို့အား တန်ခိုးတော်ကိုလည်းကောင်း၊ အကျွန်ုပ်မပြမီတွင်၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ 19 အိုဘုရားသခင်၊ ဖြောင့်မတ်တော်မူခြင်းတရားသည် အလွန်မြင့်ရာသို့ မီသည်ဖြစ်၍၊ ကိုယ်တော်သည် ကြီးစွာသောအမှုတို့ကို ပြုတော်မူ၏။ အိုဘုရားသခင်၊ ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။ 20 ကြီးမားကြမ်းတမ်းသောဘေးများကို အကျွန်ုပ်အားပြတော်မူပြီ။ တစ်ဖန် အသက်ကိုချမ်းသာပေး၍၊ မြေကြီးနက်နဲရာထဲက တစ်ဖန်ထမြောက်စေတော်မူမည်။ 21 အကျွန်ုပ်ကို စည်းစိမ်တိုးပွားစေ၍၊ တစ်ဖန် သက်သာစေတော်မူမည်။ 22 သို့ဖြစ်၍၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်နှင့် သစ္စာတော်ကို တယောထိုး၍ ချီးမွမ်းပါမည်။ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၊ ရှေ့တော်၌ စောင်းတီး၍ သီချင်းဆိုပါမည်။ 23 ရှေ့တော်၌ သီချင်းဆိုသောအခါ၊ ရွှင်လန်းသောနှုတ်ရှိပါလိမ့်မည်။ ရွေးတော်မူသော အကျွန်ုပ်၏ ဝိညာဉ်လည်း ရွှင်လန်းပါလိမ့်မည်။ 24 အကျွန်ုပ်၏လျှာသည်လည်း ဖြောင့်မတ်တော်မူခြင်းတရားကို အစဉ်မြွက်ဆိုပါလိမ့်မည်။ အကြောင်းမူကား၊ အကျွန်ုပ်၌ အပြစ်ပြုခြင်းအခွင့်ကိုရှာသောသူတို့သည် မျက်နှာပျက်၍ အရှက်ကွဲခြင်းသို့ ရောက်ကြပါ၏။