ဆင်းရဲသောမုဆိုးမကိုဧလိရှဲကူညီခြင်း
1 ပရောဖက်အမျိုးသား၏ မယားတစ်ယောက်သည် ဧလိရှဲထံသို့လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှာလာပါပြီဟု ကြွေးကြော်လေ၏။ 2 ဧလိရှဲကလည်း၊ သင့်အဖို့ အဘယ်သို့ငါပြုရမည်နည်း။ သင့်အိမ်၌ အဘယ်ဥစ္စာရှိသနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်မအိမ်၌ ဆီအိုးတစ်လုံးမှတစ်ပါး အဘယ်ဥစ္စာမျှမရှိပါဟုပြောဆိုသော်၊ 3 ဧလိရှဲက သွားလော့။ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုးတို့ကို ငှားယူလော့။ များစွာသောအိုးတို့ကို ငှားယူလော့။ 4 ကိုယ်အိမ်သို့ ရောက်သောအခါ၊ သားတို့ကိုခေါ်၍ တံခါးကိုပိတ်ပြီးမှ ငှားယူသော အိုးများအထဲသို့ ဆီကိုအပြည့်လောင်း၍ ထားလော့ဟု စီရင်သည်အတိုင်း၊ 5 ထိုမိန်းမသည်သွား၍ သားတို့သည်အိုးများကိုယူခဲ့ပြီးမှ၊ မိန်းမသည် သားတို့နှင့်အတူ အိမ်ထဲသို့ဝင်၍ တံခါးကိုပိတ်လျက် ဆီကိုလောင်းလေ၏။ 6 အိုးများ၌ ဆီပြည့်သောအခါ၊ အိုးတစ်လုံးကိုယူခဲ့ဦးဟု သားအားဆိုလျှင်၊ အိုးလပ်မရှိပါဟု ပြန်ပြောသော်၊ ဆီသည် တန့်လျက်နေ၏။ 7 ထိုမိန်းမသည်လာ၍ ဘုရားသခင်၏လူကိုကြားပြောလျှင်၊ သူက ထိုဆီကိုသွား၍ ရောင်းပြီးလျှင် ကြွေးကိုဆပ်လော့။ ကြွင်းသောဆီကို အမှီပြု၍ သင်နှင့်သားတို့သည် အသက်မွေးကြလော့ဟု ဆို၏။