နေမန်နူနာပျောက်ကင်းခြင်း
1 ရှုရိရှင်ဘုရင်၏ဗိုလ်ချုပ်မင်းနေမန်သည် မိမိသခင်ထံမှာ မျက်နှာရသောသူ၊ ဘုန်းကြီးသောသူဖြစ်၏။ အကြောင်းမူကား၊ ရှုရိပြည်သည် ထိုသူအားဖြင့် အောင်ရသောအခွင့်ကို ထာဝရဘုရားပေးတော်မူပြီ။ ထိုသူသည် ခွန်အားကြီးသော စစ်သူရဲဖြစ်၏။ သို့ရာတွင် နူနာစွဲ၏။လု၊ ၄:၂၇။2 ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ချီသွားစဉ်တွင်၊ ဣသရေလပြည်မှ ဖမ်းခဲ့သော မိန်းမငယ်တစ်ယောက်သည် နေမန်၏မယားထံ၌ ကျွန်ခံရ၏။ 3 ထိုကျွန်မကလည်း၊ ကျွန်မသခင်သည် ရှမာရိမြို့၌ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော။ ထိုပရောဖက်သည် သခင်၌စွဲသောနူနာကို ပျောက်စေလိမ့်မည်ဟု မိမိသခင်မအားဆို၏။ 4 နေမန်သည် မိမိအရှင်ထံသို့ဝင်၍ ဣသရေလအမျိုး မိန်းမငယ်စကားကို ပြန်လျှောက်၏။ 5 ရှုရိရှင်ဘုရင်ကလည်း သွားလော့။ သွားလော့။ ဣသရေလရှင်ဘုရင်ထံသို့ စာပေးလိုက်မည်ဟု အမိန့်တော်အတိုင်း၊ နေမန်သည် ငွေအခွက်တစ်ရာ၊ ရွှေအခွက် ခြောက်ဆယ်၊ အဝတ်ဆယ်စုံကို ယူသွား၍၊ 6 ဣသရေလရှင်ဘုရင်ထံသို့ မိမိအရှင်၏စာကို သွင်းလေ၏။ စာ၌ပါသော အချက်ဟူမူကား၊ ကိုယ်တော်သည် ငါ့ကျွန်နေမန်၏နူနာကို ပျောက်စေခြင်းငှာ သူ့ကို ဤစာနှင့်အတူ ငါစေလွှတ်သည်ဟု ပါသတည်း။ 7 ဣသရေလရှင်ဘုရင်သည် ထိုစာကိုကြည့်ပြီးမှ၊ မိမိအဝတ်ကိုဆုတ်၍၊ ငါသည်အသက်ပေးပိုင်၊ နုတ်ပိုင်သောဘုရားဖြစ်သောကြောင့်၊ ဤသူသည် လူနူကိုချမ်းသာပေးစေခြင်းငှာ ငါ့ထံသို့စေလွှတ်သလော။ ကြည့်ကြလော့။ ဤသူသည် ငါ့ကိုအဘယ်မျှလောက် ရန်ရှာချင်သည်ကို ကြည့်ကြလော့ဟု ဆို၏။ 8 ဣသရေလရှင်ဘုရင်သည် မိမိအဝတ်ကိုဆုတ်သည်ဟု ဘုရားသခင်၏လူဧလိရှဲသည်ကြားလျှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝတ်ကိုဆုတ်သနည်း။ ထိုသူသည် ငါ့ထံသို့ လာပါလေစေ။ ဣသရေလပြည်၌ပရောဖက်ရှိသည်ကို သိလိမ့်မည်ဟု ရှင်ဘုရင်ကို မှာလိုက်လေ၏။ 9 ထိုကြောင့်၊ နေမန်သည်မြင်းရထားကိုစီးသွား၍ ဧလိရှဲအိမ်ရှေ့မှာ ရပ်နေ၏။ 10 ဧလိရှဲက၊ သင်သည်သွား၍ ယော်ဒန်မြစ်၌ ခုနစ်ကြိမ်တိုင်အောင် ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့်မည်ဟု လူကိုစေလွှတ်၍ ပြောစေ၏။ 11 နေမန်ကလည်း၊ အကယ်၍ ပရောဖက်သည် ထွက်လာမည်။ ငါ့အနားမှာရပ်လျက် မိမိဘုရားသခင် ထာဝရဘုရား၏နာမကိုခေါ်၍ မိမိလက်နှင့်သုံးသပ်သဖြင့် နူနာကိုပျောက်စေမည်ဟု ငါထင်၏။ 12 ဒမာသက်ပြည်၌ အာဗနမြစ်၊ ဖာဖာမြစ်တို့သည် ဣသရေလမြစ်အလုံးစုံထက် သာ၍ကောင်းသည် မဟုတ်လော။ ထိုမြစ်၌ ငါရေချိုး၍ မသန့်ရှင်းရသလောဟုဆိုလျက် အမျက်ထွက်၍ ပြန်သွား၏။ 13 ကျွန်တို့သည် ချဉ်းလာ၍ အဘ၊ ခက်သောအမှုကိုပြုရမည်ဟု ပရောဖက်စီရင်လျှင် ပြုတော်မူမည် မဟုတ်လော။ ရေချိုး၍သာ သန့်ရှင်းခြင်းသို့ ရောက်လော့ဟုစီရင်လျှင် အဘယ်မျှလောက်သာ၍ ပြုတော်မူသင့်ပါသည်တကားဟု လျှောက်ကြသော်၊ 14 နေမန်သည်သွား၍ ဘုရားသခင်၏လူစီရင်သည်အတိုင်း၊ ယော်ဒန်မြစ်၌ ကိုယ်ကိုခုနစ်ကြိမ်နှစ်သဖြင့်၊ သူ၏အသားသည် သူငယ်၏အသားကဲ့သို့ပြောင်း၍ သန့်ရှင်းခြင်းသို့ ရောက်၏။