ပုဆိန်ကိုပြန်လည်ရရှိခြင်း
1 ပရောဖက်အမျိုးသားတို့က၊ ကိုယ်တော်နှင့်အတူ ယခုနေသောအရပ်သည် ကျဉ်းမြောင်းပါ၏။ 2 အကျွန်ုပ်တို့သည် ယော်ဒန်မြစ်နားသို့ သွားပါရစေ။ ထိုအရပ်၌ဝိုင်း၍ သစ်သားကိုခုတ်ပြီးလျှင်၊ ကိုယ်နေစရာဖို့လုပ်ပါရစေဟု ဧလိရှဲထံ၌ အခွင့်တောင်းလျှင်၊ သွားကြလော့ဟု အခွင့်ပေး၏။ 3 အချို့ကလည်း မငြင်းပါနှင့်။ ကိုယ်တော်ကျွန်တို့နှင့် ကြွတော်မူပါဟုတောင်းပန်လျှင်၊ ငါသွားမည်ဟု ဝန်ခံသည်အတိုင်း၊ 4 သူတို့နှင့်အတူ လိုက်လေ၏။ ယော်ဒန်မြစ်နားသို့ ရောက်သောအခါ သစ်သားကိုခုတ်ကြ၏။ 5 တစ်ယောက်သောသူသည် ခုတ်စဉ်တွင်၊ ရေထဲသို့ ပုဆိန်ကျ၏။ ခုတ်သောသူကလည်း၊ ခက်လှပြီသခင်။ ထိုပုဆိန်သည် ငှားခဲ့သောဥစ္စာဖြစ်ပါ၏ဟု အော်ဟစ်လျှင်၊ 6 ဘုရားသခင်၏လူက၊ အဘယ်မှာကျသနည်းဟုမေးသော်၊ ကျရာအရပ်ကိုပြပြီးမှ၊ တုတ်ကိုခုတ်၍ ထိုအရပ်၌ချသဖြင့် ပုဆိန်သည် ပေါလောနေ၏။ 7 ဆယ်ယူလော့ဟု ဧလိရှဲဆိုသည်အတိုင်း၊ တပည့်သည် လက်ကိုဆန့်၍ ဆယ်ယူ၏။