Publicidade

2 Samuel 17

အ​ဗ​ရှ​လုံ​အား​မှား​ယွင်း​စေ​သော​ဟု​ရှဲ​၏​အ​ကြံ

1 တစ်​ဖန် အ​ဟိ​သော​ဖေ​လ​က၊ ကျွန်​တော်​သည် လူ​တစ်​သောင်း​နှစ်​ထောင်​တို့​ကို ရွေး​ကောက်​ပါ​ရ​စေ။ ယ​နေ့​ည​ပင် ကျွန်​တော်​ထ၍ ဒါ​ဝိဒ်​ကို​လိုက်​ပါ​မည်။ 2 သူ​သည်​မော​လျက် လက်​အား​နည်း​လျက်​နေ​စဉ်​အ​ခါ ကျွန်​တော်​တိုက်၍ သူ့​ကို​ထိတ်​လန့်​စေ​မည်။ သူ၌​ပါ​သော လူ​အ​ပေါင်း​တို့​သည် ပြေး​ကြ၍၊ ရှင်​ဘု​ရင်​ကို​သာ ကျွန်​တော်​လုပ်​ကြံ​ပါ​မည်။ 3 လူ​အ​ပေါင်း​တို့​ကို ကိုယ်​တော်​ထံ​သို့​ဆောင်​ခဲ့​ပါ​မည်။ ကိုယ်​တော်​ရှာ​သော​သူ တစ်​ယောက်​တည်း​ကို​ရ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ပြန်​လာ၍ ငြိမ်​ဝပ်​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​လျှင်၊ 4 ထို​စ​ကား​ကို အ​ဗ​ရှ​လုံ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​သည် နှစ်​သက်​ကြ၏။ 5 ထို​အ​ခါ အ​ဗ​ရှ​လုံ​က၊ အာ​ခိ​လူ​ဟု​ရှဲ​ကို​လည်း​ခေါ်​ခဲ့။ ငါ​တို့​သည် သူ၏​စ​ကား​ကို နာ​ကြား​ကြ​ကုန်​အံ့​ဟု ဆို​သည်​အ​တိုင်း၊ 6 ဟု​ရှဲ​သည်​လာ၍ အ​ဗ​ရှ​လုံ​က၊ အ​ဟိ​သော​ဖေ​လ​သည် ဤ​မည်​သော​အ​ကြံ​ကို ပေး​ပြီ။ သူ၏​စ​ကား​ကို နား​ထောင်​သင့်​သ​လော။ သို့​မ​ဟုတ် သင်​ပြော​လော့​ဟု​ဆို​လျှင်၊ 7 ဟု​ရှဲ​က အ​ဟိ​သော​ဖေ​လ​ပေး​သော အ​ကြံ​သည် ယ​ခု​ကာ​လ၌ မ​လျော်​ပါ။ 8 ခ​မည်း​တော်​နှင့် သူ၏​လူ​တို့​သည် ခွန်​အား​ကြီး​သော​သူ​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ယ​ခု​မူ​ကား တော၌ သား​ငယ်​ပျောက်​သော ဝံ​မ​ကဲ့​သို့ ပြင်း​ထန်​သော​စိတ်​ရှိ​ကြောင်း​ကို​လည်း​ကောင်း ကိုယ်​တော်​သိ​တော်​မူ၏။ ခ​မည်း​တော်​သည်​လည်း စစ်​သူ​ရဲ​ဖြစ်၍ လူ​များ​တို့​နှင့်​အ​တူ မ​အိပ်​တတ်။ 9 ယ​ခု​မှာ​သူ​သည် မြေ​တွင်း​တစ်​စုံ​တစ်​ခု၌ ပုန်း​လျက်​နေ​ပါ​လိမ့်​မည်။ သို့​မ​ဟုတ် အ​ခြား​သော​အ​ရပ်၌ ပုန်း​လျက် နေ​ပါ​လိမ့်​မည်။ လူ​အ​ချို့​တို့​သည် အ​ဦး​လဲ၍​သေ​လျှင် ထို​သ​တင်း​ကို​ကြား​သော​သူ​က၊ အ​ဗ​ရှ​လုံ​နောက်​သို့ လိုက်​သော​သူ​သည် ဆုံး​ရှုံး​ကြ​ပြီ​ဟု ကြား​ပြော​ကြ​ပါ​လိမ့်​မည်။ 10 ထို​အ​ခါ ရဲ​ရင့်​သော​သူ၊ ခြင်္သေ့​နှ​လုံး​ကဲ့​သို့ နှ​လုံး​ရှိ​သော​သူ​သည် စိတ်​ပျက်​ပါ​လိမ့်​မည်။ ခ​မည်း​တော်​သည် ခွန်​အား​ကြီး​သော​သူ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သူ၌​ပါ​သော​သူ​တို့​သည် ရဲ​ရင့်​ခြင်း​သ​တ္တိ​ရှိ​သော​သူ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​ပါ၏။ 11 သို့​ဖြစ်၍ ကျွန်​တော်​သည် အ​ကြံ​ပေး​ပါ​မည်။ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ ကိုယ်​တော်​ထံ၌ စည်း​ဝေး၍ ကိုယ်​တော်​တိုင် စစ်​ချီ​တော်​မူ​ရ​မည်။ 12 ထို​သို့ ခ​မည်း​တော်​ကို​တွေ့​သော​အ​ရပ် တစ်​စုံ​တစ်​ခု၌ သူ့​ထံ​သို့​ရောက်​လျှင်၊ မြေ​ပေါ်​မှာ​နှင်း​ကျ​သ​ကဲ့​သို့ သူ့​ကို​လွှမ်း​မိုး၍ သူ​နှင့်​သူ၌​ရှိ​သော​သူ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ။ 13 ၎င်း​နည်း ခ​မည်း​တော်​သည် မြို့​တစ်​မြို့​ထဲ​သို့​ဝင်​လျှင်၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြိုး​များ​ကို​ယူ​ခဲ့၍ ထို​မြို့၌ ကျောက်​စ​ရစ်​တစ်​ခု​ကို​မျှ မ​ကျန်​စေ​ခြင်း​ငှာ ချိုင့်​ထဲ​သို့ ဆွဲ​ချ​ရ​ကြ​မည်​ဟု လျှောက်​လေ​သော်၊ 14 အ​ဗ​ရှ​လုံ​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​က၊ အာ​ခိ​လူ​ဟု​ရှဲ​ပေး​သော အ​ကြံ​သည် အ​ဟိ​သော​ဖေ​လ​ပေး​သော အ​ကြံ​ထက် သာ၍​ကောင်း​သည်​ဟု ပြော​ဆို​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဗ​ရှ​လုံ၌ ဘေး​ရောက်​စေ​ခြင်း​ငှာ၊ အ​ဟိ​သော​ဖေ​လ​ပေး​သော အ​ကြံ​ကောင်း​ကို ဖျက်​စေ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ၏။

ဒါ​ဝိဒ်​လွတ်​မြောက်​သွား​ခြင်း

15 ထို​အ​ခါ ဟု​ရှဲ​သည် ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​တို့​အား၊ အ​ဟိ​သော​ဖေ​လ​သည် ဤ​မည်​သော​အ​ကြံ​ကို အ​ဗ​ရှ​လုံ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​အား ပေး​ပြီ။ ကျွန်ုပ်​သည်​လည်း ဤ​မည်​သော​အ​ကြံ​ကို ပေး​ပြီ။ 16 သို့​ဖြစ်၍ ဒါ​ဝိဒ်​ထံ​သို့ အ​လျင်​အ​မြန်​စေ​လွှတ်၍ ယ​နေ့​ည​မှာ တော​လွင်​ပြင်၌ မ​နေ​ပါ​နှင့်။ အ​လျင်​အ​မြန် ကူး​သွား​ပါ။ သို့​မ​ဟုတ်​လျှင် ရှင်​ဘု​ရင်​နှင့်​လူ​အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ကြား​လျှောက်​မည်​အ​ကြောင်း မှာ​လိုက်​သ​ဖြင့်၊ 17 ယော​န​သန်​နှင့် အ​ဟိ​မတ်​သည် မြို့​ထဲ​သို့​ဝင်​လျှင် သူ​တစ်​ပါး​မြင်​မည်​စိုး​သော​ကြောင့်၊ အင်္ရော​ဂေ​လ​ရွာ​နား​မှာ နေ​ရ​စဉ်​တွင်၊ မိန်း​မ​က​လေး​တစ်​ယောက် သွား၍​ပြော​သည်​အ​တိုင်း သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့​သွား၍ လျှောက်​ကြ၏။ 18 သို့​ရာ​တွင် လူ​က​လေး​တစ်​ယောက်​သည် ထို​သူ​တို့​ကို​မြင်၍ အ​ဗ​ရှ​လုံ​အား လျှောက်​လေ၏။ သူ​တို့​သည် အ​လျင်​အ​မြန်​သွား၍ ဗာ​ဟု​ရိမ်​မြို့​တွင် အိမ်​တစ်​အိမ်​သို့​ဝင်​သ​ဖြင့် ထို​အိမ်​ဝင်း​ထဲ​မှာ​ရှိ​သော ရေ​တွင်း​သို့​ဆင်း၍၊ 19 မိန်း​မ​သည် ရေ​တွင်း​ဝ​ကို​ဖုံး​ပြီး​မှ ဆန်​ကို​လှန်း၍​ထား​သော​ကြောင့် ထို​အ​မှု​သည် မ​ထင်​ရှား။ 20 အ​ဗ​ရှ​လုံ၏ ကျွန်​တို့​သည် ထို​အိမ်​သို့​ရောက်၍ အ​ဟိ​မတ်​နှင့် ယော​န​သန်​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မိန်း​မ​အား​မေး​လျှင်၊ မိန်း​မ​က၊ ချောင်း​တစ်​ဖက်​သို့ ကူး​ကြ​ပြီ​ဟု​ပြော​သ​ဖြင့် သူ​တို့​သည် ရှာ၍​မ​တွေ့​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ၏။ 21 ပြန်​သွား​သော​နောက် အ​ဟိ​မတ်​နှင့် ယော​န​သန်​သည် ရေ​တွင်း​ထဲ​က​တက်၍ ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့​သွား​ပြီး​လျှင်၊ မြစ်​တစ်​ဖက်​သို့ အ​လျင်​အ​မြန်​ထ၍ ကြွ​တော်​မူ​ပါ။ အ​ဟိ​သော​ဖေ​လ​သည် ကိုယ်​တော်​တစ်​ဖက်၌ ဤ​မည်​သော အ​ကြံ​ကို​ပေး​ပါ​ပြီ​ဟု လျှောက်​သော်၊ 22 ဒါ​ဝိဒ်​နှင့် လူ​အ​ပေါင်း​တို့​သည်​ထ၍ ယော်​ဒန်​မြစ်​ကို​ကူး​ကြ၏။ မိုး​လင်း​သော​အ​ခါ မ​ကူး​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။

23 အ​ဟိ​သော​ဖေ​လ​သည် မိ​မိ​ပေး​သော​အ​ကြံ​သို့ မ​လိုက်​ကြ​သည်​အ​ကြောင်း​ကို သိ​မြင်​သော​အ​ခါ၊ မြည်း​ကို ကုန်း​နှီး​တင်​စေ​ပြီး​လျှင် ထ၍ မိ​မိ​နေ​ရင်း​မြို့ မိ​မိ​အိမ်​သို့​သွား​သ​ဖြင့် အိမ်​မှု​အိမ်​ရေး​များ​ကို စီ​ရင်​ပြီး​မှ လည်​ကြိုး​တပ်၍ သေ​လေ၏။ ဘိုး​ဘေး​တို့​သင်္ချိုင်း၌ သင်္ဂြိုဟ်​ကြ၏။

24 ဒါ​ဝိဒ်​သည် မ​ဟာ​နိမ်​မြို့​သို့ ရောက်​လေ၏။ အ​ဗ​ရှ​လုံ​သည်​လည်း ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​အ​တူ ယော်​ဒန်​မြစ်​ကို ကူး​လေ၏။ 25 အ​ဗ​ရှ​လုံ​သည် ဗိုလ်​ချုပ်​မင်း​ယွာ​ဘ​အ​ရာ၌ အာ​မ​သ​ကို​ခန့်​ထား၏။ အာ​မ​သ​ကား၊ ယွာ​ဘ​အ​မိ ဇေ​ရု​ယာ၏​ညီ​မ​နာ​ဟတ်​သ​မီး အ​ဘိ​ဂဲ​လ​နှင့် စုံ​ဖက်​သော ဣ​ရှ​မေ​လ​အ​မျိုး​ယေ​သာ၏​သား ဖြစ်​သ​တည်း။ 26 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​ဗ​ရှ​လုံ​သည် ဂိ​လဒ်​ပြည်၌ တပ်​ချ​ကြ၏။

27 ဒါ​ဝိဒ်​သည် မ​ဟာ​နိမ်​မြို့​သို့​ရောက်​သော​အ​ခါ၊ အ​မ္မုန်​ပြည် ရ​ဗ္ဗာ​မြို့​သား​နာ​ဟတ်၏​သား ရှော​ဘိ၊ လော​ဒေ​ဗာ​မြို့​သား အ​မျေ​လ၏​သား မာ​ခိ​ရ၊ ဂိ​လဒ်​အ​မျိုး ရော​ဂေ​လိမ်​မြို့​သား ဗာ​ဇိ​လဲ​တို့​က၊ 28 ထို​လူ​တို့​သည် တော၌​ရေ​စာ​ငတ်​မွတ်​လျက် ပင်​ပန်း​လျက် နေ​ရ​ပါ​သည်​တ​ကား​ဟု ဆို၍၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​များ​စား​စ​ရာ​ဖို့ ဂျုံ​ဆန်၊ မု​ယော​ဆန်၊ မုန့်​ညက်၊ ပေါက်​ပေါက်​မျိုး၊ ပဲ​မျိုး၊ 29 ပျား​ရည်၊ နို့​ဓမ်း၊ သိုး၊ ဒိန်​ခဲ​နှင့်​တ​ကွ အိပ်​ရာ၊ လင်​ပန်း၊ မြေ​ခွက်​များ​ကို ဆောင်​ခဲ့​ကြ​သည်။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-18_09-43-29-