ဣသရေလတစ်ပြည်ကိုဒါဝိဒ်အုပ်စိုးခြင်း
1 ထိုအခါ ဣသရေလအမျိုးအနွယ် အပေါင်းတို့သည် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့လာ၍၊ ကျွန်တော်တို့သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြပါ၏။ 2 အထက်က ရှောလုသည် ကျွန်တော်တို့၌ ရှင်ဘုရင်ဖြစ်သောအခါ၊ ကိုယ်တော်သည် ဣသရေလအမျိုးကို ဆောင်သွားလျက်၊ သွင်းပြန်လျက် နေတော်မူပြီ။ ထာဝရဘုရားကလည်း၊ သင်သည်ငါ၏လူ ဣသရေလအမျိုးကို လုပ်ကျွေးအုပ်စိုးရမည်ဟု ကိုယ်တော်အား မိန့်တော်မူပြီဟု လျှောက်ဆိုကြ၏။ 3 ထိုသို့ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင်၊ ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့၌ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိတ်သဟာယဖွဲ့ခြင်း၊ သူတို့သည် ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။