1 ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေး၍နေကြ၏။-ဝတ်၊ ၂၃:၁၅-၂၁။ တရား၊၁၆:၉-၁၁။2 ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တစ်ခဏချင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေထိုင်သောအိမ်ကို ဖြည့်လေ၏။- 3 ထိုခဏချင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးအသီးတို့အပေါ်၌ တည်နေကြ၏။- 4 ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။
5 ထိုကာလအခါ၊ ကောင်းကင်အောက်တွင် ရှိလေသမျှသောလူမျိုးထဲက ဘုရားကိုရိုသေသော ယုဒလူတို့သည် ယေရုရှလင်မြို့၌ တည်းနေကြသတည်း။-