Publicidade

Apocalipse 14

သိုး​သ​ငယ်​နှင့်တစ်​သိန်း​လေး​သောင်း​လေး​ထောင်

1 ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ သိုး​သ​ငယ်​သည် ဇိ​အုန်​တောင်​ပေါ်​မှာ ရပ်​နေ၏။ သူ၏​နာ​မ​နှင့် ခ​မည်း​တော်၏​နာ​မ​ကို န​ဖူး၌ အ​က္ခ​ရာ​တင်​သော​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင်​လည်း သူ​နှင့်​အ​တူ ရှိ​ကြ၏။-2 သ​မု​ဒ္ဒ​ရာ​ရေ​သံ၊ ကြီး​စွာ​သော မိုး​ကြိုး​သံ​ကဲ့​သို့ ကောင်း​ကင်​က အ​သံ​ကို ငါ​ကြား၏။ ထို​သို့ ငါ​ကြား​သော အ​သံ​သည် စောင်း​သ​မား​များ စောင်း​တီး​သော အ​သံ​ကဲ့​သို့​ဖြစ်၏။- 3 ပ​လ္လင်​တော်​ရှေ့၌​လည်း​ကောင်း၊ သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး​သူ​တို့ ရှေ့၌​လည်း​ကောင်း၊ သူ​တို့​သည် အ​သစ်​သော သီ​ချင်း​ကို ဆို​ကြ၏။ မြေ​ကြီး​မှ​ရွေး​နုတ်​သော​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင် မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ ထို​သီ​ချင်း​ကို သင်၍​မ​ရ​နိုင်။- 4 ထို​သူ​တို့​သည် က​ညာ​ဖြစ်၍ မေ​ထုန်​အ​မှု​နှင့် မ​ညစ်​ညူး​သော​သူ ဖြစ်​ကြ၏။ သိုး​သ​ငယ် သွား​လေ​ရာ​ရာ​အ​ရပ်​သို့ နောက်​တော်၌ လိုက်​သော​သူ ဖြစ်​ကြ၏။ လူ​တို့​အ​ထဲ​က ရွေး​နုတ်၍ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်​အ​ဖို့ အ​ဦး​သီး​သော​အ​သီး ဖြစ်​ကြ၏။- 5 အ​ပြစ်​နှင့် ကင်း​လွတ်​ကြ​သည်​ဖြစ်၍ သူ​တို့​နှုတ်၌ မု​သား​မ​ရှိ။

ကောင်း​ကင်​တ​မန်​သုံး​ပါး

6 မြေ​ကြီး​ပေါ်​မှာ​နေ​သော သူ​တည်း​ဟူ​သော အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​အား ထာ​ဝ​ရ​ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ရ​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​က၊- 7 ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ ချီး​မွမ်း​ကြ​လော့။ တ​ရား​စီ​ရင်​တော်​မူ​သော အ​ချိန်​ရောက်​လာ​ပြီ။ ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​နှင့် စမ်း​ရေ​တွင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို ကိုး​ကွယ်​ကြ​လော့​ဟု ကြီး​သော​အ​သံ​နှင့် ပြော​ဆို၍ ကောင်း​ကင်​အ​လယ်၌ ပျံ​ဝဲ​လျက် ရှိ​သည်​ကို ငါ​မြင်၏။- 8 ကောင်း​ကင်​တ​မန်​တစ်​ပါး​က​လည်း၊ ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ။ မိ​မိ​မ​တ​ရား​သော မေ​ထုန်၏ အ​ဆိပ်​အ​တောက်​တည်း​ဟူ​သော စ​ပျစ်​ရည်​ကို လူ​မျိုး​အ​ပေါင်း​တို့​အား တိုက်​လေ​ပြီး​သော ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ​ဟု လိုက်၍​ပြော​ဆို၏။-9 ထို​မှ​တစ်​ပါး၊ တ​တိ​ယ​ကောင်း​ကင်​တ​မန်​က၊ အ​ကြင်​သူ​သည် သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို ကိုး​ကွယ်၍၊ သူ၏​တံ​ဆိပ်​လက်​မှတ်​ကို န​ဖူး၌ ခံ​သည်​ဖြစ်​စေ၊ လက်၌ ခံ​သည်​ဖြစ်​စေ၊- 10 ထို​သူ​သည် ဘု​ရား​သ​ခင်၏ ဒေါ​သ​ဖ​လား၌ လောင်း​သော အ​မျက်​တော် စ​ပျစ်​ရည်​စစ်​ကို သောက်​ရ​လိမ့်​မည်။ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​တို့​ရှေ့၊ သိုး​သ​ငယ်​ရှေ့​တွင်၊ ကန့်​နှင့်​ရော​သော မီး​ထဲ​မှာ ပြင်း​စွာ​သော ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။-11 ထို​ညှဉ်း​ဆဲ​ခြင်း၏ မီး​ခိုး​သည် က​မ္ဘာ​အ​ဆက်​ဆက် တက်​လျက်​ရှိ၏။ သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို ကိုး​ကွယ်၍၊ သူ၏ နာ​မ​တံ​ဆိပ်​လက်​မှတ်​ကို ခံ​သော​သူ​တို့​သည် နေ့​ည​မ​ပြတ် သက်​သာ​မ​ရ​ကြ​ဟု၊ လိုက်၍ ကြီး​သော​အ​သံ​နှင့် ပြော​ဆို၏။-12 ဘု​ရား​သ​ခင်၏ ပ​ညတ်​တို့​ကို​လည်း​ကောင်း၊ ယေ​ရှု၏ ယုံ​ကြည်​ခြင်း​ကို​လည်း​ကောင်း၊ စောင့်​ရှောက်​သော သန့်​ရှင်း​သူ​တို့​သည် ဤ​အ​ရာ၌ သည်း​ခံ​စ​ရာ​အ​ကြောင်း​ရှိ၏။- 13 တစ်​ဖန်​တုံ၊ ကောင်း​ကင်​အ​သံ​ကား၊ ယ​ခု​မှ​စ၍ သ​ခင်​ဘု​ရား၌ သေ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏​ဟု ရေး​ထား​လော့​ဟု ပြော​ဆို​သည်​ကို ငါ​ကြား၏။ ဝိ​ညာဉ်​တော်​က​လည်း၊ ထို​သို့​မှန်​ပေ၏။ ထို​သူ​တို့​သည် ပင်​ပန်း​ခြင်း ငြိမ်း​မည်​အ​ကြောင်း​ရှိ၍၊ သူ​တို့၏ အ​ကျင့်​တို့​သည်​လည်း သူ​တို့​နှင့်​အ​တူ လိုက်​ကြ၏​ဟု မိန့်​တော်​မူ၏။

မြေ​ကြီး၌​ရိတ်​သိမ်း​ခြင်း

14 တစ်​ဖန် ငါ​ကြည့်​လျှင်၊ ဖြူ​သော​မိုး​တိမ်​ရှိ၏။ လူ​သား​တော်​နှင့် တူ​သော​သူ​သည် ခေါင်း​တော်​ပေါ်၌ ရွှေ​သ​ရ​ဖူ​ကို​ဆောင်း​လျက်၊ ထက်​သော တံ​စဉ်​ကို ကိုင်​လျက်၊ မိုး​တိမ်​ပေါ်​မှာ ထိုင်​တော်​မူ၏။-15 ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ဗိ​မာန်​တော်​ထဲ​က ထွက်၍၊ ကိုယ်​တော်၏​တံ​စဉ်​ကို​လွှတ်၍ စ​ပါး​ကို ရိတ်​တော်​မူ​ပါ။ ရိတ်​ရ​သော​အ​ချိန် ရောက်​ပါ​ပြီ။ မြေ​ကြီး၌ ရိတ်​စ​ရာ​စ​ပါး မှည့်​ပါ​ပြီ​ဟု မိုး​တိမ်​ပေါ်​မှာ ထိုင်​သော​သူ​ကို ကြီး​သော​အ​သံ​နှင့် ဟစ်​လေ၏။-16 မိုး​တိမ်​ပေါ်​မှာ ထိုင်​သော​သူ​သည် မိ​မိ​တံ​စဉ်​ကို မြေ​ကြီး၌​သွင်း၍ မြေ​ကြီး၏​စ​ပါး​ကို ရိတ်​တော်​မူ၏။- 17 ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကောင်း​ကင်​ဘုံ၌​ရှိ​သော ဗိ​မာန်​တော်​ထဲ​က ထွက်၍ သူ၌​လည်း ထက်​သော​တံ​စဉ်​ပါ၏။- 18 မီး​ကို​အ​စိုး​ရ​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ယဇ်​ပ​လ္လင်​ထဲ​က​ထွက်၍ ထက်​သော တံ​စဉ်​ပါ​သော သူ​ကို ကြီး​စွာ​သော ကြွေး​ကြော်​ခြင်း​နှင့် ခေါ်​လျက်၊ သင်၏ ထက်​သော​တံ​စဉ်​ကို လွှတ်၍ မြေ​ကြီး၏ စ​ပျစ်​သီး​ပြွတ်​တို့​ကို ရိတ်​လော့။ အ​သီး​မှည့်​ပြီ​ဟု ပြော​ဆို၏။- 19 ကောင်း​ကင်​တ​မန်​သည်​လည်း မိ​မိ​တံ​စဉ်​ကို မြေ​ကြီး၌​သွင်း၍ မြေ​ကြီး၏​စ​ပျစ်​သီး​ကို ရိတ်​ပြီး​မှ၊ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​တည်း​ဟူ​သော နယ်​ရာ​တန်​ဆာ ကြီး​ထဲ​သို့ ချ​လေ၏။- 20 မြို့​ပြင်၌ နယ်​ရာ​တန်​ဆာ​ကို ဖိ​နင်း၍ အ​သွေး​သည် တစ်​ဆယ်​ခြောက်​ယူ​ဇ​နာ​ခ​ရီး တစ်​လျှောက်​လုံး၌ မြင်း​ဇက်​ကြိုး​ကို မီ​သည်​တိုင်​အောင် နယ်​ရာ​တန်​ဆာ​ထဲ​က ထွက်​လေ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-