Publicidade

Apocalipse 7

လူ​တစ်​သိန်း​လေး​သောင်း​လေး​ထောင်

1 ထို​နောက်​မှ မြေ​ကြီး၊ ပင်​လယ်၊ သစ်​ပင်​များ​တို့၌ လေ​မ​လာ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည် မြေ၏ လေး​မျက်​နှာ​လေ​တို့​ကို ကိုင်၍၊ မြေ​လေး​မျက်​နှာ၌ ရပ်​နေ​သည်​ကို ငါ​မြင်၏။-2 အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ တံ​ဆိပ်​ပါ​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် အ​ရှေ့​မျက်​နှာ​က တက်​လာ​သည်​ကို ငါ​မြင်၏။ သူ​သည်​လည်း မြေ​နှင့်​ပင်​လယ်​ကို ညှဥ်း​ဆဲ​ရ​သော​အ​ခွင့်​ရှိ​သော ကောင်း​ကင်​တ​မန်​လေး​ပါး​ကို အ​သံ​လွှင့်၍၊- 3 ငါ​တို့​ဘု​ရား​သ​ခင်၏ ကျွန်​တို့​ကို န​ဖူး၌ တံ​ဆိပ်​မ​ခတ်​မီ​တိုင်​အောင်၊ မြေ၊ ပင်​လယ်၊ သစ်​ပင်​တို့​ကို မ​ညှဥ်း​ဆဲ​ပါ​နှင့်​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​လေ၏။-4 တံ​ဆိပ်​ခတ်​ခြင်း​ကို​ခံ​ရ​သော​သူ အ​ရေ​အ​တွက်​ကို ငါ​ကြား၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ အ​သီး​အ​သီး​သော အ​မျိုး​အ​နွယ်​ထဲ​က လူ​တစ်​သိန်း​လေး​သောင်း​လေး​ထောင် တို့​သည် တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​ရ​ကြ၏။- 5 ယု​ဒ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ရု​ဗင်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ဂဒ်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်။- 6 အာ​ရှာ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ နဿ​လိ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ မ​နာ​ရှေ အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊- 7 ရှိ​မောင်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ လေ​ဝိ အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ဣ​သ​ခါ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊- 8 ဇာ​ဗု​လုန်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ယော​သပ်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ဗင်္ယာ​မိန် အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်​တို့​သည် တံ​ဆိပ်​ခတ် ခြင်း​ကို​ခံ​ရ​ကြ၏။

လူ​များ​အ​ပေါင်း

9 ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့ အ​ထဲ​မှ​ထွက်၍၊ အ​ဘယ်​သူ​မျှ မ​ရေ​တွက်​နိုင်​သော လူ​များ​အ​ပေါင်း​တို့​သည် ဖြူ​သော​ဝတ်​လုံ​ကို ဝတ်​ဆင်​လျက်၊ စွန်​ပ​လွံ​ခက်​ကို​ကိုင်​လျက်၊ ပ​လ္လင်​တော်​ရှေ့၊ သိုး​သ​ငယ် ရှေ့​မှာ​ရပ်​နေ​ကြ၏။- 10 သူ​တို့​က​လည်း၊ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော ငါ​တို့၏ ဘု​ရား​သ​ခင်​နှင့်​သိုး​သ​ငယ်​သည် ကယ်​တင်​တော်​မူ​ခြင်း​ချမ်း​သာ ရှိ​တော်​မူ​စေ​သ​တည်း​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။- 11 ပ​လ္လင်​တော်​မှ​စ​သော အ​သက်​ကြီး​သူ​တို့​နှင့် သ​တ္တ​ဝါ​လေး​ပါး၏ ပတ်​ဝန်း​ကျင်၌ ရပ်​နေ​သော ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​သည်၊ ပ​လ္လင်​တော်​ရှေ့​မှာ ပျပ်​ဝပ်၍ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊- 12 အာ​မင်။ ငါ​တို့၏ ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကောင်း​ချီး​မင်္ဂ​လာ၊ ဘုန်း၊ ပ​ညာ​နှင့်​တ​ကွ ကျေး​ဇူး​ချီး​မွမ်း​ခြင်း၊ ဂုဏ်​အ​သ​ရေ၊ တန်​ခိုး​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်​ဟု ပြော​ဆို​ကြ၏။

13 အ​သက်​ကြီး​သူ​တစ်​ပါး​က​လည်း၊ ဖြူ​သော ဝတ်​လုံ​ကို ဝတ်​ဆင်​သော ဤ​သူ​တို့​သည် အ​ဘယ်​သူ​နည်း။ အ​ဘယ်​အ​ရပ်​က လာ​ကြ​သ​နည်း​ဟု ငါ့​အား​မေး​မြန်း​လျှင်၊- 14 ငါ​က၊ သ​ခင်၊ ကိုယ်​တော်​သိ​ပါ၏​ဟု ပြန်​လျှောက်၏။ သူ​က​လည်း၊ ဤ​သူ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​အ​ထဲ​က ထွက်​မြောက်၍၊ မိ​မိ​တို့​ဝတ်​လုံ​ကို သိုး​သ​ငယ်၏ အ​သွေး၌​လျှော်၍ ဖြူ​စေ​သော​သူ ဖြစ်​ကြ​သ​တည်း။-15 ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော်​ရှေ့​မှာ နေ​ရာ​ကို​ရ၍၊ ဗိ​မာန်​တော်၌​ဘု​ရား​ဝတ်​ကို​နေ့​ည​မ​ပြတ် ပြု​ရ​ကြ၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော သူ​သည် သူ​တို့​တွင် ကျိန်း​ဝပ်​တော်​မူ​မည်။- 16 သူ​တို့​သည် နောက်​တစ်​ဖန် ရေ​စာ​ကို မ​ငတ်​မ​မွတ်​ရ​ကြ။ နေ​ရောင်​ခြည် အ​လျှင်း​မ​ထိ​ရ။ အ​ဘယ်​အ​ပူ​ကို​မျှ မ​ခံ​ရ​ကြ။-17 အ​ကြောင်း​မူ​ကား၊ ပ​လ္လင်​တော်​အ​တွင်း၌ ရှိ​သော သိုး​သ​ငယ်​သည် သူ​တို့​ကို​လုပ်​ကျွေး၍၊ အ​သက်​စမ်း​ရေ​တွင်း​သို့ လမ်း​ပြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သူ​တို့​မျက်​စိ၌ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​တော် မူ​မည်​ဟု ဆို​လေ၏။-

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-