ခြေမစွမ်းသူကိုကုသခြင်း
1 ထိုအခါပတ္ထနာပြုရသော သုံးချက်တီးအချိန်၌ ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြသည်ရှိသော်၊- 2 အမိဝမ်းတွင်းကပင်ခြေမစွမ်းသော သူတစ်ယောက်ကို သူတစ်ပါးတို့သည် ထမ်းလျက်လာကြ၏။ ဗိမာန်တော်သို့ ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှာ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထားလေ့ရှိ၏။- 3 ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ဝင်မည် လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲပါဟု တောင်းလေ၏။- 4 ထိုအခါ ပေတရုနှင့် ယောဟန်တို့သည် ထိုသူကိုစေ့စေ့ကြည့်ရှု၍ ငါတို့အား မျှော်ကြည့်လော့ဟုဆိုလျှင်၊- 5 ထိုသူသည်တစ်စုံတစ်ခုကို ရမည်ဟုစိတ်ထင်နှင့် တမန်တော်တို့ကို မျှော်ကြည့်လျက်နေ၏။- 6 ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ။ ရှိသည်အရာကို သင့်အားငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့ဟုဆိုလျက်၊- 7 သူ၏လက်ယာလက်ကို ကိုင်ဆွဲချီကြွလေသော ခဏချင်းတွင်၊ ခြေနှစ်ဖက်ဖမျက်စိတို့သည် စွမ်းအားကိုရသဖြင့်၊- 8 ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက်၊ ဘုရားသခင်ကို ချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။- 9 ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည် မြင်သောအခါ၊- 10 ထိုသူသည် ဗိမာန်တော်၏တင့်တယ်တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည် အမှုကို အံ့ဩမိန်းမောတွေဝေခြင်းရှိ၍၊