23 ထိုအခါ အာဗြဟံချဉ်းကပ်၍၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့ကို၊ မတရားသောသူတို့နှင့်တကွ ဖျက်ဆီးတော်မူမည်လော။ 24 ထိုမြို့တွင် ဖြောင့်မတ်သောသူငါးဆယ်ရှိလျှင်၊ ဖျက်ဆီးတော်မူမည်လော။ ဖြောင့်မတ်သောသူ ငါးဆယ်ပါသောမြို့ကို သူတို့အတွက်မနှမြောဘဲ ဖျက်ဆီးတော်မူမည်လော။ 25 ထိုသို့ပြု၍ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင့် ဝေးပါစေသတည်း။ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့ကဲ့သို့ခံစေသောအမှုသည် ကိုယ်တော်နှင့် ဝေးပါစေသတည်း။ မြေကြီးလုံးကို စီရင်တော်မူသောသခင်သည်၊ တရားသဖြင့် ပြုတော်မူမည် မဟုတ်လောဟု လျှောက်ဆို၏။ 26 ထာဝရဘုရားကလည်း၊ သောဒုံမြို့၌ ဖြောင့်မတ်သောသူငါးဆယ်ကိုငါတွေ့လျှင်၊ သူတို့အတွက် ထိုအရပ်လုံးကိုငါနှမြောမည်ဟု မိန့်တော်မူ၏။ 27 တစ်ဖန်အာဗြဟံက၊ အကျွန်ုပ်သည်မြေမှုန့်နှင့် ပြာသက်သက်ဖြစ်သော်လည်း၊ ဘုရားရှင်ကိုယခုလျှောက်မည်ဟု အားထုတ်ပါ၏။ 28 ဖြောင့်မတ်သောသူငါးဆယ်တို့တွင် ငါးယောက်မပြည့်လျှင်၊ ထိုငါးယောက်မပြည့်သောအတွက်ကြောင့်၊ ထိုမြို့လုံးကို ဖျက်ဆီးတော်မူမည်လောဟု မေးလျှောက်ပြန်သော်၊ ထိုမြို့၌လေးဆယ့်ငါးယောက်ကိုငါတွေ့လျှင်၊ ငါမဖျက်ဆီးဟု မိန့်တော်မူ၏။ 29 တစ်ဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။ 30 တစ်ဖန်တုံ၊ အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်၊ အကျွန်ုပ်လျှောက်ပါရစေ။ ထိုမြို့၌သုံးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ သုံးဆယ်ကိုငါတွေ့လျှင်၊ ငါမပြုဟုမိန့်တော်မူ၏။ 31 တစ်ဖန်တုံ၊ အကျွန်ုပ်သည် ထာဝရဘုရားကို ယခုလျှောက်မည်ဟု အားထုတ်ပါ၏။ ထိုမြို့၌ နှစ်ဆယ်ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ နှစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။ 32 အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်။ သည်တစ်ကြိမ် အကျွန်ုပ်လျှောက်ပါရစေဦး။ ထိုမြို့၌တစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ တစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။ 33 ထာဝရဘုရားသည်၊ အာဗြဟံနှင့် နှုတ်ဆက်ခြင်းအမှုကုန်စင်ပြီးမှ၊ ကြွသွားတော်မူ၏။ အာဗြံဟံသည်လည်း မိမိနေရာအရပ်သို့ ပြန်လေ၏။