1 ထိုနောက်မှ ဘုရားသခင်သည်၊ အာဗြဟံကိုစုံစမ်းခြင်းငှာ၊ အာဗြဟံဟု ခေါ်တော်မူ၍ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟုလျှောက်လျှင်၊ 2 သင်သည် အလွန်ချစ်သောတစ်ယောက်တည်းသော သားဣဇာက်ကိုယူ၍၊ မောရိပြည်သို့သွားလော့။ ငါပြလတ္တံ့သောတောင်ပေါ်မှာ၊ သူ့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။
3 အာဗြဟံသည် နံနက်စောစောထ၍၊ မြည်းကိုကုန်းနှီးတင်ပြီးလျှင်၊ မိမိသားဣဇာက်နှင့် ငယ်သားနှစ်ယောက်ကိုခေါ်၍၊ ယဇ်ရှို့စရာထင်းကိုခွဲပြီးမှ၊ ဘုရားသခင်မိန့်တော်မူသောအရပ်သို့ ထသွားလေ၏။ 4 သုံးရက်မြောက်သောနေ့၌ မျှော်ကြည့်၍၊ ထိုအရပ်ကိုအဝေးကမြင်လျှင်၊ 5 ငယ်သားနှစ်ယောက်တို့အား၊ သင်တို့သည် ဤအရပ်၌မြည်းနှင့် အတူနေရစ်ကြလော့။ ငါသည်သားနှင့်အတူ ထိုအရပ်သို့သွား၍၊ ကိုးကွယ်ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ၊ သင်တို့ဆီသို့ပြန်လာဦးမည်ဟု ဆိုလေ၏။ 6 ထိုအခါ ယဇ်ရှို့စရာထင်းကိုယူ၍၊ သားဣဇာက်အပေါ်မှာတင်ပြီးလျှင်၊ မီးနှင့်ဓားကို မိမိလက်၌ကိုင်လျက်၊ နှစ်ယောက်အတူသွားကြ၏။ 7 သွားကြစဉ်တွင်၊ ဣဇာက်သည် အဘအာဗြဟံကို အဘဟုခေါ်လျှင်၊ ငါ့သား၊ ငါရှိ၏ဟုထူးလေ၏။ ဣဇာက်ကလည်း မီးပါ၏၊ ထင်းလည်းပါ၏။ ယဇ်ရှို့စရာဖို့သိုးသငယ်သည် အဘယ်မှာရှိသနည်းဟုမေးလျှင်၊ 8 အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဖို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဖို့ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။ 9 ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင်မိန့်တော်မူသောအရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံသည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သားဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာတင်ထား၏။10 မိမိလက်ကိုဆန့်၍၊ သားကိုသတ်ခြင်းငှာ၊ ဓားကိုကိုင်ယူလေ၏။
11 ထိုအခါ၊ ထာဝရဘုရား၏ကောင်းကင်တမန်က၊ အာဗြဟံ၊ အာဗြဟံဟု ကောင်းကင်ပေါ်ကခေါ်လေ၏။ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟုလျှောက်လျှင်၊ 12 ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား၊ သင်၌တစ်ယောက်တည်းသောသားကိုငါတောင်း၍၊ သင်သည်ငါ့ကိုမငြင်းဟု မိန့်တော်မူ၏။
13 ထိုအခါ အာဗြဟံသည်မျှော်ကြည့်၍၊ မိမိနောက်မှာ ချုံပုတ်၌ ချိုငြိလျက်ရှိသောသိုးကိုမြင်လေ၏။ ထိုသိုးကိုသွား၍ယူပြီးလျှင်၊ မိမိသားကိုယ်စား မီးရှို့ရာယဇ်ပြု၍ ပူဇော်လေ၏။
14 ထိုအရပ်ကို ယေဟောဝါယိရေဟု အာဗြဟံသမုတ်လေ၏။ ထိုသို့နှင့်အညီ၊ တောင်ပေါ်မှာ ထာဝရဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင်ဆိုလေ့ရှိသတည်း။
15 တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်သည် ကောင်းကင်ပေါ်က အာဗြဟံကိုခေါ်လျက်၊ 16 သင်သည် ဤအမှုကိုပြု၍၊ သင်၏သား၊ သင်၌တစ်ယောက်တည်းသောသားကို၊ ငါ့အားမငြင်းသောကြောင့်၊17 ငါသည် သင့်အားအစဉ်အမြဲကောင်းချီးပေးမည်။ သင်၏အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်း၊ အစဉ်အမြဲပွားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးများကို အစိုးရလိမ့်မည်။18 သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်ဟု ငါ၏စကားကိုသင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည်၍ကျိန်ဆို၏ဟု ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုလေ၏။19 ထိုအခါအာဗြဟံသည် ငယ်သားတို့ရှိရာသို့ ပြန်၏။ သူတို့သည် ထပြီးလျှင် ဗေရရှေဘအရပ်သို့ လိုက်သွားကြ၏။ ထိုအရပ်၌ အာဗြဟံနေလေ၏။
20 ထိုနောက်မှ၊ အာဗြဟံကြားသောသတင်းစကားဟူမူကား၊ သင်၏အစ်ကိုနာခေါ်မယားမိလခါသည် သားကိုဖွားမြင်လေပြီ။ 21 သားအကြီးဟုဇ၊ သူ့ညီဗုဇ၊ အာရံအဘကေမွေလ၊ 22 ခေသက်၊ ဟာဇော၊ ပိလဒါရှ၊ ယိဒလပ်၊ ဗေသွေလတည်းဟူသော၊ 23 သားရှစ်ယောက်တို့ကို၊ အာဗြဟံအစ်ကို နာခေါ်၏မယားမိလခါ ဖွားမြင်လေ၏။ ဗေသွေလကား၊ ရေဗက္ကအဘတည်း။ 24 ရုမာအမည်ရှိသော နာခေါ်၏မယားငယ်သည်လည်း တေဘ၊ ဂါဟံ၊ သဟာရှ၊ မာခါတို့ကို ဖွားမြင်လေ၏။