18 အနီးသို့မရောက်မီ အဝေး၌ရှိစဉ်ပင်၊ အစ်ကိုတို့သည်မြင်လျှင်၊ သတ်ခြင်းငှာတိုင်ပင်လျက်၊ 19 ကြည့်လော့။ အိပ်မက်ဆရာလာပြီ။ 20 ကိုင်ကြ။ သူ့ကိုသတ်၍ တစ်စုံတစ်ခုသောတွင်းထဲသို့ ချပစ်ကြစို့။ ဆိုးသောသားရဲတစ်စုံတစ်ခုကိုက်စားပြီဟု ပြောကြစို့။ ထိုသို့ပြုလျှင်၊ သူ၏အိပ်မက်တို့သည် အဘယ်သို့နေရာကျမည်ကိုကြည့်ကြစို့ဟု အချင်းချင်းပြောဆိုကြ၏။ 21 ထိုစကားကိုရုဗင်ကြားလျှင်၊ သူ့ကို မသတ်ဘဲနေကြစို့ဟုဆိုလျက်၊ သူတို့လက်မှ ယောသပ်ကိုနုတ်လေ၏။ 22 တစ်ဖန်ရုဗင်က၊ သူ၏အသွေးကိုမသွန်းကြနှင့်။ ကိုယ်လက်နှင့်မပြုဘဲ၊ တော၌ ဤမည်သောတွင်းထဲသို့ချကြစို့ဟု သူတို့လက်မှ ယောသပ်ကိုနုတ်ယူ၍၊ အဘ၌ တစ်ဖန် အပ်မည်အကြံရှိသည်နှင့်ဆိုလေ၏။
23 ယောသပ်သည် အစ်ကိုတို့ထံသို့ရောက်သောအခါ၊ သူဝတ်သောအင်္ကျီ၊ အဆင်းထူးခြားသောအင်္ကျီကိုချွတ်ပြီးမှ၊ 24 သူ့ကိုကိုင်ယူ၍တွင်းထဲသို့ချကြ၏။ ထိုတွင်း၌ရေမရှိ၊ သွေ့ခြောက်သောတွင်း ဖြစ်သတည်း။ 25 ထိုနောက်အစာစားခြင်းငှာထိုင်ကြစဉ် မျှော်ကြည့်၍၊ ဣရှမေလအမျိုးသားအစုအဝေးသည် ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများကို ကုလားအုတ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကိုမြင်လျှင်၊ 26 ယုဒက၊ ငါတို့သည် ညီကိုသတ်၍သေကြောင်းကိုဝှက်ထားလျှင် အဘယ်ကျေးဇူးရှိသနည်း။ 27 ကိုင်ကြ။ ကိုယ်တိုင်မညှဉ်းဆဲဘဲ၊ ဣရှမေလလူတို့အား ရောင်းလိုက်ကြစို့။ သူသည် တို့ညီ၊ တို့အမျိုးဖြစ်၏ဟု အစ်ကိုတို့အားဆိုသည်ရှိသော်၊ ညီအစ်ကိုတို့သည် ဝန်ခံကြ၏။ 28 ထိုအခါ၊ မိဒျန်အမျိုးသားကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကိုတွင်းထဲကဆွဲတင်ပြီးလျှင်၊ ငွေအကျပ်နှစ်ဆယ်အဖိုးနှင့် ဣရှမေလလူတို့အားရောင်း၍၊ ထိုသူတို့သည် ယောသပ်ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။တ၊ ၇:၉။