5 သို့ရာတွင် သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက်မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရား သခင်သည် လူတို့အသက်ကိုစောင့်မစေခြင်းငှာ သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။ 6 မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ်ရှိသေး၏။ 7 ဘုရားသခင်သည် သင်တို့ကိုမြေကြီးပေါ်မှာ ကျန်ကြွင်းစေခြင်းငှာလည်းကောင်း၊ ကြီးစွာသော ကယ်တင်ခြင်းအားဖြင့် သင်တို့အသက်ကို ချမ်းသာစေခြင်းငှာလည်းကောင်း၊ သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။ 8 သို့ဖြစ်၍ သင်တို့သည် ကျွန်ုပ်ကိုဤအရပ်သို့ စေလွှတ်သည်မဟုတ်၊ ဘုရားသခင်စေလွှတ်တော်မူသတည်း။ ကျွန်ုပ်ကိုဖာရောဘုရင်၏အဘအရာ၌လည်းကောင်း၊ နန်းတော်အုပ်အရာ၌လည်းကောင်း၊ အဲဂုတ္တုပြည်လုံးကို အုပ်စိုးသောသခင်အရာ၌လည်းကောင်း ခန့်ထားတော်မူပြီ။