7 ယောသပ်သည် အဘယာကုပ်ကိုသွင်း၍ ဖာရောမင်းရှေ့မှာထားသဖြင့်၊ ယာကုပ်သည် ဖာရောမင်းကိုကောင်းချီးပေး၏။ 8 ဖာရောမင်းက၊ သင်သည် အသက်အဘယ်မျှလောက်ရှိပြီနည်းဟု ယာကုပ်အားမေးလျှင်၊ 9 ကျွန်တော်သည်ဧည့်သည်အာဂန္တုဖြစ်၍ လွန်သောအသက်သည် အနှစ်တစ်ရာသုံးဆယ်ရှိပါပြီ။ ကျွန်တော်အသက်ရှင်သောနှစ်ပေါင်းနည်း၍ ဆိုးပါ၏။ ဧည့်သည်အာဂန္တုဖြစ်သော ဘိုးဘေးတို့၏အသက်တန်းကို မမီပါဟု လျှောက်ဆိုပြီးလျှင်၊ 10 ဖာရောမင်းကိုကောင်းချီးပေး၍ အထံတော်ကထွက်သွားလေ၏။
11 ဖာရောမင်းအမိန့်တော်ရှိသည်အတိုင်း၊ ယောသပ်သည် အဘနှင့်အစ်ကိုတို့ကို နေရာချ၍ အဲဂုတ္တုပြည်၌အကောင်းဆုံးသောအရပ် ရာမသက်မြေကိုအပိုင်ပေး၏။ 12 အဘနှင့်အစ်ကိုများ၊ အဘ၏အိမ်သားရှိသမျှတို့ကို အနည်းအများအလိုက် ကျွေးမွေး၏။