13 ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကိုငါဖျက်ဆီးမည်။ 14 ဂေါဖရသစ်သားဖြင့်၊ သင်္ဘောကို ကိုယ်ဖို့တည်လုပ်လော့။ အထဲ၌လည်း အခန်းများကိုလုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရှူးစေးနှင့် သုတ်လော့။ 15 လုပ်ရမည်ပုံဟူမူကား၊ သင်္ဘောအလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိစေရမည်။ 16 အပေါ်၌လည်းအမိုးကိုလုပ်ရမည်။ ထိုအမိုးအပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတစ်တောင်အကျယ် ရှိစေရမည်။ သင်္ဘောနံတစ်ဖက်၌လည်း တံခါးကိုလုပ်ရမည်။ အောက်ဆင့်၊ အလယ်ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံးဆင့်ကိုလည်း ရှိစေရမည်။
Publicidade