ဧမောက်ရွာဟို ခရီးသွားခြင်း
13 အေးနေ့တွင် တဘဲ့တော် နေယောက်လို့ဟ ယေရုရှလင်မြို့နဲ့ ခုနေမိုင်ဝေးသော ဧမောက် နာမယ်ဆိသော ရွာသို့ သွားကြအယ်။ 14 သူလို့နေယောက်ဟ ဖြစ်ပျက်ခဲ့ပင်းသော အကျောန်းအရာဟို အချင်းချင်း ဆွေးနွေးပြောဆိုနေကြအယ်။ 15 အေးလို့မျိုး ပြောဆိုနေလုန်း ယေရှု တတ်တိုင်း သူလို့နားဟို တိုးသွားယွေ့ သူလို့နဲ့တူတူ သွားလေအယ်။ 16 အဲလိုလဲ သူလို့ရဲ့ မျက်စေ့ဟို ကာဆီးခြင်း ခံရသဖြင့် သူလို့ဟ ကိုယ်တော်ဟို မမှတ်မိကြ။ 17 ယေရှုဟ သူလို့အား "နင်လို့ဟ ခရီးသွားရင်းနဲ့ ပစာအကျောန်းအရာဟို ပြောနေကြနှင်း" ဟု မေးလေအယ်။
သူလို့ဟ မျက်နှာညှိုးငယ်စွာနဲ့ အဲနေရာတွင် တန်နေကြအယ်။ 18 အေးသူလို့ထဲတွင် ကလောဖ နာမယ်ဆိသော သူဟ "ယေရုရှလင်မြို့ဟို လာတဲ့ ဧည့်သည်လုပ်ပင်း ခုရက်ပိုင်းထဲ ဖြစ်ပျက်ခဲ့လဲ့ အကျောန်းအရာဟို နင်တယောက်ထဲ မသိသလော" ဟု ဆိုကြအယ်။
19 ကိုယ်တော်ဟ "ပစာအကျောန်းလုန်း" ဟု မေးအယ်။
သူလို့ဟ "နာဇရက်မြို့သား ယေရှုနဲ့ဆိုင်တဲ့ အကျောန်းအရာ ဖြစ်အယ်။ သူဟ ဘုရားသခင်နဲ့ လူလို့ဆေ့မှာ နှုတ်သတ္တိ၊ လက်သတ္တိနဲ့ ပြေ့စုံလဲ့ ပရောဖက် ဖြစ်အယ်။ 20 ငါလို့ ယဇ်ပုရောဟိတ်ကြီးများနဲ့ အကြီးအကဲများဟ သူ့ဟို သေဒဏ်ချမှတ်ဖို့ ပိလတ်မင်းရဲ့ လက်ဟို အပ်ခဲ့အယ်၊ ပင်းတော့ လက်ဝါးကပ်တိုင်မှာ တင်ယွေ့ သတ်ခဲ့ကြအယ်။ 21 သူဟ ဣသရေလလူမျိုးဟို လွတ်မြောက်စေမဲ့သူ ဖြစ်အယ်ဟု ငါလို့ မျော်လင့်ထားကြအယ်။ ဒါတွေအားလုံးအပြင် အခု အဖြစ်အပျက်ဖြစ်တာဟ သုံးရက်ဆိပီ။ 22 ငါလို့ရဲ့ အပေါင်းအဖော် အမျိုးသမီးတချို့ဟ ငါလို့ဟို ရမ်းဆာ့အံ့ဩစေခဲ့အယ်၊ သူလို့ဟ နက်စာအစော လုတ်တိုင်းဆေ သွားခဲ့ကြအယ်၊ 23 အားပေမဲ့ ကိုယ်တော်ရဲ့ အလောင်းဟို မျော်ခဲ့ကြဝူး။ သူလို့ဟ ပြန်လာပင်း ယေရှု အသက်ဆှင်လျက် ဆိကျောန်းဟို ခေါန်းခင်တမန်များ ပေးလဲ့ ရူပါရုံ မျော်ရတာဟို ပြောပြကြအယ်။ 24 ငါလို့ထဲမှ လူတချို့ဟ လုတ်တိုင်းဆေသို့ သွားကြရာ အမျိုးသမီးများ ပြောခဲ့လဲ့အတိုင်း ဖြစ်အယ်၊ အဲလိုလဲ သူလို့ဟ ကိုယ်တော်ဟို မမျော်ခဲ့ကြမောင့်လဲ့" ဟု ပြန်ဖြေကြအယ်။
25 အဲပင်းရင် ယေရှုဟ "ပရောဖက်များ ဟောပြောသောစကားဟို ယုံကြည်ရန် ရမ်းဆာ့ စိတ်နုံနဲ့သော လူမိုက်လို့၊ 26 ခရစ်တော်ဟ ဘုန်းအသရေဟို မခံယူခင် ဟေလို့ ဒုက္ခဝေဒနာများဟို ခံစားရန် လိုအပ်အယ် ဟုတ်ဝူးလော" ဟု ပြောလေအယ်။ 27 အဲပင်းရင် ယေရှုဟ မောရှေကျမ်းမှ အစပြုယွေ့ ပရောဖက် ကျမ်းအားလုံးတွင် ကိုယ်တော်အကျောန်းနဲ့ ပတ်သက်လဲ့ ကျမ်းစာများဟို အေးသူနေယောက်လို့ဟို ဆှင်းလင်း ပြောပြလေအယ်။
28 သူလို့သွားနေလဲ့ ရွာနားဟို ရောက်သောအခါ ယေရှုဟ ဆေ့ဟို ကျော်ယွေ့ သွားမဲ့ဟန် လုပ်အယ်၊ 29 အဲလိုလဲ သူလို့ဟ "မိုးချုပ်ခါနီးယွေ့ တနေ့တာလည်း ကုန်လုနီးပီ ဖြစ်သောကျောန့် တို့နဲ့ နေမန့်" ဟုဆိုယွေ့ ကိုယ်တော်ဟို ဖိတ်ခေါ်ကြအယ်။ ကိုယ်တော်ဟ သူလို့နဲ့အတူ တည်းရန် လိုက်သွားလေအယ်။ 30 စားပွဲတွင် သူလို့နဲ့တူတူ ထိန်လျက် မုန့်ဟိုယူယွေ့ ကျေးဇူးတော်ဟို ချီးမွန်းအယ်၊ အဲပင်းရင် မုန့်ဟိုဖဲ့ယွေ့ သူလို့ဟို ပေးလေအယ်။ 31 အဲပင်းရင် သူလို့ မျက်စေ့ ပွင့်လာကြသဖြင့် ကိုယ်တော်မှန်း သိကြအယ်၊ အဲလိုလဲ ကိုယ်တော်ဟ သူလို့ဆေ့မှ ကွယ်ပျောက် သွားလေအယ်။ 32 သူလို့ဟ "လမ်းခရီးမှာတုန်းဟ ကိုယ်တော် ငါလို့ဟို စကားပြောသောအခါနဲ့၊ ကျမ်းစာအနက်ဟို ဖွင့်ပြသောအခါတွင် ငါလို့ စိတ်နေလုံးထဲမှာ မီးလျှံထနေသလို ဖြစ်နေခဲ့တာ မဟုတ်လော" ဟု အချင်းချင်း ပြောဆိုကြအယ်။
33 သူလို့ဟ တန်းထယွေ့ ယေရုရှလင်မြို့ဟို ပြန်ကြပီးမှ၊ တဆယ့်တပါးသော တဘဲ့တော်များနဲ့ အခြားသောသူများ စုံရုံးလျက် နေကြတာဟို မျော်ကြအယ်။ 34 စုရုံးနေကြသော သူလို့ဟ "သခင်ဟ တကယ် ထမြောက်ဝါးပီ။ ကိုယ်တော်ဟ ရှိမုန်ဟို ကိုယ်ထင်ပြပီ" ဟု ပြောဆိုကြအယ်။
35 အဲပင်းရင် သူလို့နေယောက်ဟ လမ်းတွင် ဖြစ်ပျက်ခဲ့လဲ့ အကျောန်းအရာဟို လည်းကောင်း၊ မုန့်ဟို ဖဲ့စဉ်တွင် ကိုယ်တော်မှန်း သိဆိလာကျောန်းဟို သူလို့အား ဆှင်းပြကြအယ်။