32 ငါဟှာ နန်းနို့လေဟှို ပူပန်သောကန ကင်းစေရှင်ဟှယ်။ အီထောန်မှေ့ဘဲဟှူ ယော့-က်ကျားဟှာ သခင်ဘုရား နှစ်သက်ဟှူမှုဟှို လောက်ရှင်ကြောန့် သခင်ဘုရားရဲ့ မှုတော်ဟှိုဘဲ့ လေးနတ်ထားတတ်ဟှယ်။ 33 အယ်ဘေမဲ့ အီထောန်ရှိဟှူ ယော့-က်ကျားဟှာ သူ့မယားရဲ့ စိလိုဟှို လိုက်ဘီး လောကီရေးရာဟှိုဘဲ့ လေးနတ်ထားတတ်ဟှယ်။ 34 အယ်ကြောန့် သူဟှာ စိနှေ့ခွ ဖြစ်ရဟှယ်။ မီးမပျိုဟှာ သခင်ဘုရားဟှို သူ့ရဲ့ကိုယ်ခန္ဓာန စိဝိညာဉ်နှေ့ခုလောင်းဟှို သန့်ရှင်းမှုန ဆစ်ကပ်ရှင်ကြောန့် သခင်ဘုရားရဲ့ မှုတော်ဟှို လေးနတ်ထားတတ်ဟှယ်။ အယ်ဘေမဲ့ အီထောန်ရှင်မီးမဟှာ သူ့လန်နှစ်သက်အောန် စိဆန္ဒရှိကြောန့် လောကီမှုရာဟှိုဘဲ့ လေးနတ်ထားတတ်ဟှယ်။
35 အယ်မျိုး ငါပြောဇာဟှ နန်းနို့လေရဲ့ကျိုးဟှို လိုရှင်ကြောန့် ပြောဇာဖြစ်ဟှယ်။ နန်းနို့လေဟှို ချောက်ချယ်ရှင်ကြောန့် မှုဟှ။ နန်းနို့ဟှို မှန်းမှန်ကန်းကန် ပြုသင့်တိုင်း ပြုကျင့်ဟှို့တွပ်န သခင်ဘုရားရဲ့ မှုတော်ဟှို စိပါလတ်ပါ စေခံနိုင်ဂေ့ဟှို့တွပ် လိုလားကြောန့်ဖြစ်ဟှယ်။