1 בָּרֲכִ֥י נַפְשִׁ֗י אֶת־יְה֫וָ֥ה יְהוָ֣ה אֱ֭לֹהַי גָּדַ֣לְתָּ מְּאֹ֑ד ה֭וֹד וְהָדָ֣ר לָבָֽשְׁתָּ׃ 2 עֹֽטֶה־א֭וֹר כַּשַּׂלְמָ֑ה נוֹטֶ֥ה שָׁ֝מַ֗יִם כַּיְרִיעָֽה׃ 3 הַ֥מְקָרֶֽה בַמַּ֗יִם עֲֽלִיּ֫וֹתָ֥יו הַשָּׂם־עָבִ֥ים רְכוּב֑וֹ הַֽ֝מְהַלֵּ֗ךְ עַל־כַּנְפֵי־רֽוּחַ׃ 4 עֹשֶׂ֣ה מַלְאָכָ֣יו רוּח֑וֹת מְ֝שָׁרְתָ֗יו אֵ֣שׁ לֹהֵֽט׃ 5 יָֽסַד־אֶ֭רֶץ עַל־מְכוֹנֶ֑יהָ בַּל־תִּ֝מּ֗וֹט עוֹלָ֥ם וָעֶֽד׃ 6 תְּ֭הוֹם כַּלְּב֣וּשׁ כִּסִּית֑וֹ עַל־הָ֝רִ֗ים יַֽעַמְדוּ־מָֽיִם׃ 7 מִן־גַּעֲרָ֣תְךָ֣ יְנוּס֑וּן מִן־ק֥וֹל רַֽ֝עַמְךָ֗ יֵחָפֵזֽוּן׃ 8 יַעֲל֣וּ הָ֭רִים יֵרְד֣וּ בְקָע֑וֹת אֶל־מְ֝ק֗וֹם זֶ֤ה ׀ יָסַ֬דְתָּ לָהֶֽם׃ 9 גְּֽבוּל־שַׂ֭מְתָּ בַּל־יַֽעֲבֹר֑וּן בַּל־יְ֝שׁוּב֗וּן לְכַסּ֥וֹת הָאָֽרֶץ׃ 10 הַֽמְשַׁלֵּ֣חַ מַ֭עְיָנִים בַּנְּחָלִ֑ים בֵּ֥ין הָ֝רִ֗ים יְהַלֵּכֽוּן׃ 11 יַ֭שְׁקוּ כָּל־חַיְת֣וֹ שָׂדָ֑י יִשְׁבְּר֖וּ פְרָאִ֣ים צְמָאָֽם׃ 12 עֲ֭לֵיהֶם עוֹף־הַשָּׁמַ֣יִם יִשְׁכּ֑וֹן מִבֵּ֥ין עֳ֝פָאיִ֗ם יִתְּנוּ־קֽוֹל׃ 13 מַשְׁקֶ֣ה הָ֭רִים מֵעֲלִיּוֹתָ֑יו מִפְּרִ֥י מַ֝עֲשֶׂ֗יךָ תִּשְׂבַּ֥ע הָאָֽרֶץ׃ 14 מַצְמִ֤יחַ חָצִ֨יר ׀ לַבְּהֵמָ֗ה וְ֭עֵשֶׂב לַעֲבֹדַ֣ת הָאָדָ֑ם לְה֥וֹצִיא לֶ֝֗חֶם מִן־הָאָֽרֶץ׃ 15 וְיַ֤יִן ׀ יְשַׂמַּ֬ח לְֽבַב־אֱנ֗וֹשׁ לְהַצְהִ֣יל פָּנִ֣ים מִשָּׁ֑מֶן וְ֝לֶ֗חֶם לְֽבַב־אֱנ֥וֹשׁ יִסְעָֽד׃ 16 יִ֭שְׂבְּעוּ עֲצֵ֣י יְהוָ֑ה אַֽרְזֵ֥י לְ֝בָנ֗וֹן אֲשֶׁ֣ר נָטָֽע׃ 17 אֲשֶׁר־שָׁ֭ם צִפֳּרִ֣ים יְקַנֵּ֑נוּ חֲ֝סִידָ֗ה בְּרוֹשִׁ֥ים בֵּיתָֽהּ׃ 18 הָרִ֣ים הַ֭גְּבֹהִים לַיְּעֵלִ֑ים סְ֝לָעִ֗ים מַחְסֶ֥ה לַֽשְׁפַנִּֽים׃ 19 עָשָׂ֣ה יָ֭רֵחַ לְמוֹעֲדִ֑ים שֶׁ֝֗מֶשׁ יָדַ֥ע מְבוֹאֽוֹ׃ 20 תָּֽשֶׁת־חֹ֭שֶׁךְ וִ֣יהִי לָ֑יְלָה בּֽוֹ־תִ֝רְמֹ֗שׂ כָּל־חַיְתוֹ־יָֽעַר׃ 21 הַ֭כְּפִירִים שֹׁאֲגִ֣ים לַטָּ֑רֶף וּלְבַקֵּ֖שׁ מֵאֵ֣ל אָכְלָֽם׃ 22 תִּזְרַ֣ח הַ֭שֶּׁמֶשׁ יֵאָסֵפ֑וּן וְאֶל־מְ֝עוֹנֹתָ֗ם יִרְבָּצֽוּן׃ 23 יֵצֵ֣א אָדָ֣ם לְפָעֳל֑וֹ וְֽלַעֲבֹ֖דָת֣וֹ עֲדֵי־עָֽרֶב׃ 24 מָֽה־רַבּ֬וּ מַעֲשֶׂ֨יךָ ׀ יְֽהוָ֗ה כֻּ֭לָּם בְּחָכְמָ֣ה עָשִׂ֑יתָ מָלְאָ֥ה הָ֝אָ֗רֶץ קִנְיָנֶֽךָ׃ 25 זֶ֤ה ׀ הַיָּ֥ם גָּדוֹל֮ וּרְחַ֪ב יָ֫דָ֥יִם שָֽׁם־רֶ֭מֶשׂ וְאֵ֣ין מִסְפָּ֑ר חַיּ֥וֹת קְ֝טַנּ֗וֹת עִם־גְּדֹלֽוֹת׃ 26 שָׁ֭ם אֳנִיּ֣וֹת יְהַלֵּכ֑וּן לִ֝וְיָתָ֗ן זֶֽה־יָצַ֥רְתָּ לְשַֽׂחֶק־בּֽוֹ׃ 27 כֻּ֭לָּם אֵלֶ֣יךָ יְשַׂבֵּר֑וּן לָתֵ֖ת אָכְלָ֣ם בְּעִתּֽוֹ׃ 28 תִּתֵּ֣ן לָ֭הֶם יִלְקֹט֑וּן תִּפְתַּ֥ח יָֽ֝דְךָ֗ יִשְׂבְּע֥וּן טֽוֹב׃ 29 תַּסְתִּ֥יר פָּנֶיךָ֮ יִֽבָּהֵ֫ל֥וּן תֹּסֵ֣ף ר֭וּחָם יִגְוָע֑וּן וְֽאֶל־עֲפָרָ֥ם יְשׁוּבֽוּן׃ 30 תְּשַׁלַּ֣ח ר֭וּחֲךָ יִבָּרֵא֑וּן וּ֝תְחַדֵּ֗שׁ פְּנֵ֣י אֲדָמָֽה׃ 31 יְהִ֤י כְב֣וֹד יְהוָ֣ה לְעוֹלָ֑ם יִשְׂמַ֖ח יְהוָ֣ה בְּמַעֲשָֽׂיו׃ 32 הַמַּבִּ֣יט לָ֭אָרֶץ וַתִּרְעָ֑ד יִגַּ֖ע בֶּהָרִ֣ים וְֽיֶעֱשָֽׁנוּ׃ 33 אָשִׁ֣ירָה לַיהוָ֣ה בְּחַיָּ֑י אֲזַמְּרָ֖ה לֵאלֹהַ֣י בְּעוֹדִֽי׃ 34 יֶעֱרַ֣ב עָלָ֣יו שִׂיחִ֑י אָ֝נֹכִ֗י אֶשְׂמַ֥ח בַּיהוָֽה׃ 35 יִתַּ֤מּוּ חַטָּאִ֨ים ׀ מִן־הָאָ֡רֶץ וּרְשָׁעִ֤ים ׀ ע֤וֹד אֵינָ֗ם בָּרֲכִ֣י נַ֭פְשִׁי אֶת־יְהוָ֗ה הַֽלְלוּ־יָֽהּ׃
ဖန်ဆင်းခြင်းအရှင်
1 အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းတန်ခိုးအာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။ 2 အဝတ်နှင့်ခြုံသကဲ့သို့၊ အလင်းနှင့် ကိုယ်တော်ကိုခြုံတော်မူထသော၊ မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ကြက်တော်မူထသော၊ 3 နေတော်မူရာအထက်ခန်း၊ အမြစ်ကိုရေ၌ တည်တော်မူထသော၊ မိုးတိမ်ရထားကိုစီး၍၊ လေအတောင်တို့ဖြင့် ကြွသွားတော်မူထသော၊ 4 မိမိတမန်တို့ကို လေကဲ့သို့လည်းကောင်း၊ မိမိအစေအပါတို့ကို မီးလျှံကဲ့သို့လည်းကောင်း ဖြစ်စေတော်မူထသော၊ဟေဗြဲ၊ ၁:၇။5 မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ၊ တည်တော်မူသောဘုရားပေတည်း။
6 ကိုယ်တော်သည် မြေကြီးကို အဝတ်နှင့်ဖုံးသကဲ့သို့၊ ပင်လယ်နှင့် ဖုံးတော်မူ၍၊ ရေတို့သည် တောင်များအပေါ်မှာ ရပ်နေကြပါ၏။ 7 တစ်ဖန်ဆုံးမတော်မူ၍ သူတို့သည် ပြေးကြပါ၏။ မိုးချုန်းတော်မူသံကိုကြား၍၊ အလျင်အမြန် ပြန်သွားကြပါ၏။ 8 တောင်တို့သည် တက်လျက်၊ ချိုင့်တို့သည်ဆင်းလျက်၊ သူတို့ဖို့ ခွဲခန့်တော်မူသော အရပ်သို့ ရောက်ကြပါ၏။ 9 ရေတို့သည် ပြန်လာ၍ မြေကြီးကို မလွှမ်းမိုးစေခြင်းငှာ၊ မကျော်ရသောနယ်စပ်ကို ပိုင်းခြားတော်မူ၏။
10 ထာဝရဘုရားသည် ချိုင့်များထဲသို့ စမ်းရေကိုလွှတ်တော်မူ၍၊ ရေသည် တောင်တို့တွင်စီးလျက်၊ 11 မြေတိရစ္ဆာန်အပေါင်းတို့အား သောက်ရသောအခွင့်ကို ပေး၏။ မြည်းရိုင်းတို့သည် အငတ်ပြေရကြ၏။ 12 ထိုရေအနားမှာ မိုးကောင်းကင်ငှက်တို့သည် နေရာကျ၍၊ သစ်ပင်အခက်အလက်တို့တွင် ကြွေးကြော်ကြ၏။ 13 အထက်ခန်းတော်ထဲက တောင်များကို ရေပေးတော်မူ၏။ စီရင်ပြုပြင်တော်မူခြင်းအကျိုးကြောင့်၊ မြေကြီးသည် ရောင့်ရဲလျက်ရှိ၏။ 14 တိရစ္ဆာန်ဖို့ မြက်ပင်ကိုလည်းကောင်း၊ လူသုံးဖို့ စပါးပင်ကိုလည်းကောင်း ပေါက်စေတော်မူသဖြင့်၊ မြေကြီးထဲက မုန့်ကိုထုတ်ဖော်တော်မူ၏။ 15 စပျစ်ရည်သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်း သူတို့မျက်နှာကို ပြောင်စေတော်မူ၏။ မုန့်သည်လည်း၊ သူတို့နှလုံးကိုထောက်မ၏။ 16 ထာဝရဘုရား၏ သစ်ပင်၊ စိုက်တော်မူသော လေဗနုန်အာရဇ်ပင်တို့သည်လည်း ရောင့်ရဲလျက်ရှိကြ၏။ 17 ထိုအပင်တို့၌ ငှက်တို့သည် အသိုက်လုပ်တတ်ကြ၏။ ထင်းရှူးပင်တို့၌ တောငန်းတို့သည် နေရာကျတတ်ကြ၏။ 18 မြင့်သောတောင်တို့သည် တောဆိတ်များမှီခိုရာ၊ ကျောက်တို့သည် ရှာဖန်ယုန်များ မှီခိုရာ ဖြစ်ကြ၏။ 19 ချိန်းချက်သောအချိန်ဖို့၊ လကို ဖန်ဆင်းတော်မူပြီ။ နေသည်လည်း၊ မိမိဝင်ရသော အချိန်ကိုသိ၏။
20 ကိုယ်တော်သည် မှောင်မိုက်ကို စီရင်တော်မူ၍ ညဖြစ်ပါ၏။ ထိုအချိန်၌ တောတိရစ္ဆာန်အပေါင်းတို့သည်တွားလျက် ထွက်တတ်ကြပါ၏။ 21 ခြင်္သေ့ပျိုတို့သည် လုယက်ခြင်းအလိုငှာဟောက်၍၊ ဘုရားသခင့်ထံမှာ အစာကို ရှာကြပါ၏။ 22 တစ်ဖန် နေထွက်ပြန်လျှင်၊ သူတို့သည် ဆုတ်သွား၍ နေမြဲတွင်းတို့၌ အိပ်နေကြပါ၏။ 23 လူသည်လည်း လုပ်ဆောင်ပြုမူခြင်းငှာ ညဉ့်ဦးတိုင်အောင် ထွက်သွားပါ၏။ 24 အို ထာဝရဘုရား၊ ကိုယ်တော်စီရင် ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။ 25 မရေတွက်နိုင်အောင် တွားတတ်သောတိရစ္ဆာန်အစရှိသော တိရစ္ဆာန်အကြီးအငယ်အများတို့နေရာ ကြီးမားကျယ်ဝန်းသော သမုဒ္ဒရာလည်းရှိပါသေး၏။ 26 ထိုအရပ်၌ သင်္ဘောတို့သည် သွားလာကြပါ၏။ ထိုအရပ်၌ ကွန့်မြူးစေခြင်းငှာ ဖန်ဆင်းတော်မူသော ငါးကြီးလဝိသန်သည်လည်းရှိပါ၏။ယောဘ၊ ၄၁:၁၊ဆာ၊ ၇၄:၁၄၊ဟေရှာ၊ ၂၇:၁။27 ထိုသို့သော တိရစ္ဆာန်အပေါင်းတို့သည် အချိန်တန်လျှင် အစာကျွေးတော်မူစေခြင်းငှာ၊ ကိုယ်တော်ကို မျှော်လင့်လျက်နေကြပါ၏။ 28 ကိုယ်တော်ချထားတော်မူသည်အတိုင်း သူတို့သည် သိမ်းယူကြပါ၏။ လက်တော်ကို ဖွင့်တော်မူသောအားဖြင့်၊ သူတို့သည် ကောင်းသောအရာနှင့် ရောင့်ရဲကြပါ၏။ 29 မျက်နှာတော်ကိုလွှဲတော်မူလျှင်၊ သူတို့သည် ပင်ပန်းကြပါ၏။ သူတို့အသက်ကို ရုပ်သိမ်းတော်မူလျှင်၊ သူတို့သည်သေ၍ မိမိတို့မြေမှုန့်ထဲသို့ ပြန်သွားကြပါ၏။ 30 တစ်ဖန်ဝိညာဉ်တော်ကိုလွှတ်၍၊ သူတို့ကိုဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးမျက်နှာကို အသစ်ပြုပြင်တော်မူ၏။
31 ထာဝရဘုရား၏ဘုန်းတော်သည် နိစ္စအမြဲတည်၏။ ထာဝရဘုရားသည် မိမိအမှုတော်တို့တွင် ဝမ်းမြောက်တော်မူ၏။ 32 မြေကြီးကို ကြည့်ရှုတော်မူ၍ သူသည် တုန်လှုပ်တတ်၏။ တောင်တို့ကိုတို့တော်မူ၍၊ သူတို့သည် မီးခိုးထွက်တတ်ကြပါ၏။ 33 ငါသည် အသက်ရှင်စဉ်၊ ထာဝရဘုရားကိုသီချင်းဆိုမည်။ ငါဖြစ်သည် ကာလပတ်လုံး၊ ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။ 34 ငါဥဒါန်းကျူးခြင်းအသံသည် နှစ်သက်တော်မူဖွယ်ဖြစ်၍၊ ထာဝရဘုရား၌ ငါရွှင်လန်းလိမ့်မည်။ 35 ပြစ်မှားသောသူတို့ကို မြေကြီးမှသုတ်သင်ပယ်ရှင်း၍၊ မတရားသောသူတို့သည် နောက်တစ်ဖန်မဖြစ်ရကြ။ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ဟာလေလုယ။