1 ပြည်သူပြည်သားတို့သည် ယောရှိသား ယောခတ်ကိုယူ၍၊ ယေရုရှလင်မြို့မှာ ခမည်းတော်အရာ၌ နန်းတင်ကြ၏။ 2 ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ 3 ထိုမင်းကို အဲဂုတ္တုရှင်ဘုရင်သည် ယေရုရှလင်မြို့မှာနန်းချ၍၊ ယုဒပြည်၌ ငွေအခွက်တစ်ထောင်နှင့် ရွှေအခွက်တစ်ဆယ်ကို အခွန်တောင်းလေ၏။ 4 အဲဂုတ္တုရှင်ဘုရင် နေခေါသည်လည်း၊ ယောခတ်၏နောင်တော်ဧလျာကိမ်ကို ယုဒပြည်ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်၍ ယောယကိမ်အမည်သစ်ကို ပေးပြီးလျှင်၊ ညီတော်ယောခတ်ကို အဲဂုတ္တုပြည်သို့ ယူသွား၏။
5 ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်တစ်နှစ် စိုးစံလေ၏။ ထိုမင်းသည် မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။6 ထိုကြောင့်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ဗာဗုလုန်မြို့သို့ ယူသွားခြင်းငှာ၊ သံကြိုးဖြင့် ချည်နှောင်လေ၏။7 ဗိမာန်တော်တန်ဆာ အချို့တို့ကိုလည်း ယူသွား၍၊ ဗာဗုလုန်မြို့ ဗိမာန်၌ ထားလေ၏။ 8 ယောယကိမ်ပြုမူသောအမှုအရာ ကြွင်းလေသမျှတို့နှင့် ပြုမိသောရွံရှာဖွယ်အမှု၊ ထင်ရှားသောစိတ်သဘောသည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သားတော်ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
9 ယေခေါနိသည် အသက်တစ်ဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလနှင့် ဆယ်ရက် စိုးစံလေ၏။ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ 10 နှစ်လည်သောအခါ၊ နေဗုခဒ်နေဇာမင်းကြီးသည် စစ်ချီစေ၍၊ ထိုမင်းနှင့်တကွ ကောင်းမွန်သော ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွား၍၊ ဘထွေးတော်ဇေဒကိကို၊ ယုဒပြည် ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်လေ၏။
11 ဇေဒကိသည် အသက်နှစ်ဆယ်တစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်တစ်နှစ် စိုးစံလေ၏။12 ထိုမင်းသည်လည်း၊ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ပြု၏။ ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုသော ပရောဖက်ယေရမိရှေ့မှာ ကိုယ်ကိုမနှိမ့်ချ။
13 ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ်နေဇာမင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ မပြန်မည်အကြောင်း၊ မိမိလည်ပင်းကိုလည်းကောင်း၊ မိမိနှလုံးကိုလည်းကောင်း ခိုင်မာစေ၏။14 ထိုမှတစ်ပါး၊ ယဇ်ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သား ရှိသမျှတို့သည်၊ တစ်ပါးအမျိုးသား ရွံရှာဖွယ်ပြုသည်အတိုင်း၊ အလွန်ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌ ထာဝရဘုရားသန့်ရှင်းစေတော်မူသော ဗိမာန်တော်ကို ညစ်ညူးစေကြ၏။ 15 ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် မိမိလူမျိုးနှင့် မိမိနေတော်မူရာအရပ်ကို သနားသောကြောင့်၊ စောစောထ၍ အထပ်ထပ် စေလွှတ်သောတမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊ 16 ဘုရားသခင်၏တမန်တို့ကို ပြက်ရယ်ပြု၍ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား၏ အမျက်တော်မငြိမ်းနိုင်အောင်၊ မိမိလူမျိုးကို တွက်သဖြင့်၊ 17 ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာနအိမ်တော်၌ လူပျိုတို့ကို ဓားနှင့်သတ်၏။ ယောက်ျားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသော သူတို့ကိုပင် မသနား၊ ရှိသမျှတို့ကို ထိုရှင်ဘုရင်လက်သို့ အပ်တော်မူ၏။18 ဗိမာန်တော်တန်ဆာ အကြီးအငယ် ရှိသမျှတို့ကိုလည်းကောင်း၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာ၊ မှူးမတ်ဘဏ္ဍာရှိသမျှတို့ကိုလည်းကောင်း၊ ဗာဗုလုန်မြို့သို့ ယူသွား၏။ 19 ဗိမာန်တော်ကိုလည်း မီးရှို့၍ ယေရုရှလင်မြို့ရိုးကို ဖြိုဖျက်ကြ၏။ မင်းအိမ်ရှိသမျှတို့ကိုလည်း မီးရှို့၍ မြို့တန်ဆာ အကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ၏။20 ဓားဘေးနှင့် လွတ်သောသူတို့ကို၊ ဗာဗုလုန်မြို့သို့ သိမ်းသွား၍၊ သူတို့သည် ပေရသိနိုင်ငံ မတည်မီတိုင်အောင် ရှင်ဘုရင်ထံ၊ သားတော်မြေးတော်ထံ၌ ကျွန်ခံလျက်နေရကြ၏။ 21 ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှာ၊ ယေရမိဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည်သည် လူဆိတ်ညံလျက်နေသော ကာလ၊ အနှစ်ခုနစ်ဆယ်စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သောအခွင့် ရှိသတည်း။
ရာဇဝင်ချုပ်ဒုတိယစောင်ပြီး၏။