ဟာလေလုယ
1 ထိုနောက်မှ ကောင်းကင်ဘုံ၌ စည်းဝေးသော သူအများတို့၏ အသံကြီးကား၊ ဟာလေလုယ၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော်ပေတည်း။- 2 စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ်ကြ၏။ မိမိမတရားသော မေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည့်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော်ကျွန်တို့၏ အသွေးကို သူ၏ လက်ဖြင့်သွန်းသော အပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီဟု ပြောဆိုကြသည်ကို ငါကြား၏။-တရား၊ ၃၂:၄၃။ ၄ရာ၊၉:၇။3 တစ်ဖန်တုံ၊ ဟာလေလုယဟူ၍လည်းကောင်း၊ သူ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်သည် ဟူ၍လည်းကောင်း ပြောဆိုကြ၏။-ဟေရှာ၊ ၃၄:၁၀။