မြင်းဖြူစီးသောသူ
11 ထိုအခါ ကောင်းကင်ဘုံ ဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသော သူသည် သစ္စာဟူသောအမည်၊ သမ္မာဟူသောအမည်ရှိ သတည်း။ ထိုသူသည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။-ဆာ၊ ၉၆:၁၃။ ဟေရှာ၊၁၁:၄။12 မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော်ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတစ်ပါး၊ အဘယ်သူမျှမသိသော နာမတော်သည် ရေးထားလျက် ရှိ၏။- 13 အသွေး၌ နှစ်ပြီးသောအဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။- 14 ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျက်၊ စင်ကြယ်သော ပိတ်ချောဖြူကို ဝတ်လျက်၊ နောက်တော်သို့ လိုက်ကြ၏။- 15 လူမျိုးတို့ကို ဒဏ်ခတ်စရာဖို့၊ ထက်သော သန်လျက်သည် ခံတွင်းတော်ထဲက ထွက်၏။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့် ပြည့်စုံတော် မူသော ဘုရားသခင်၏ ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာ တန်ဆာကို ဖိနင်းတော်မူမည်။-ဆာ၊ ၂:၉။ ဟေရှာ၊ ၆၃:၃။ ယောလ၊ ၃:၁၃။ ဗျာ၊ ၁၄:၂၀။16 ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမတော်သည် အဝတ်တော်၌လည်းကောင်း၊ ပေါင်တော်၌လည်းကောင်း ရေးထားလျက်ရှိ၏။
17 ကောင်းကင်တမန်တစ်ပါးသည် နေထဲမှာ ရပ်လျက်ရှိသည်ကို ငါမြင်၏။-ယေဇ၊ ၃၉:၁၇-၂၀။18 သူသည် မိုးကောင်းကင်အလယ်၌ ပျံတတ်သော ငှက်အပေါင်းတို့ကို ကြီးသောအသံနှင့်ခေါ်၍၊ လာကြလော့။ ရှင်ဘုရင်အသား၊ စစ်သူကြီးအသား၊ သူရဲအသား၊ မြင်းအသား၊ မြင်းစီးသောသူ အသား၊ အစေခံကျွန်၊ လူလွှတ်၊ အကြီးအငယ် အမျိုးမျိုးသော လူတို့၏ အသားကို စားအံ့သောငှာ၊ ကြီးမြတ်တော်မူသော ဘုရားသခင်၏ ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော်၏။- 19 သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်ခြေများတို့သည်၊ မြင်းစီးတော်မူသောသူနှင့် ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှာ စည်းဝေးကြသည်ကို ငါမြင်၏။- 20 သားရဲကို ဖမ်းမိကြ၏။ သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍၊ သူ၏ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဖမ်းမိကြ၏။ အသက်ရှင်လျက်ရှိသော ထိုသူနှစ်ဦးကို ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ချပစ်ကြ၏။-ဗျာ၊ ၁၃:၁-၁၈။21 ကြွင်းသောသူတို့သည်၊ မြင်းစီးတော်မူသော သူ၏ ခံတွင်းတော်ထဲက ထွက်သော သန်လျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို ငှက်အပေါင်းတို့သည် ဝစွာစားရကြ၏။