အနှစ်တစ်ထောင်
1 တစ်ဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။- 2 ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူသော နဂါးကို ကိုင်ဖမ်း၍၊ အနှစ်တစ်ထောင်ဖို့ ချည်နှောင်လေ၏။-က၊ ၃:၁။3 အနှစ်တစ်ထောင် မကုန်မီတိုင်အောင်၊ လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသော တွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တစ်ထောင်ကုန်ပြီးမှ တစ်ဖန် ခဏလွှတ်ရဦးမည်။
4 ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။ သားရဲနှင့် သူ၏ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲနေ၍ ယေရှု၏ သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။- 5 ကြွင်းသော လူသေတို့သည် ထိုအနှစ်တစ်ထောင် မကုန်မီ အသက်မရှင်ရကြ။ ဤထမြောက်ခြင်းကား၊ ပထမထမြောက်ခြင်း ဖြစ်သတည်း။- 6 ပထမထမြောက်ခြင်းကို ဝင်စားသော သူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူ ဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏ လက်နှင့် ကင်းလွတ်လျက်၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။
စာတန်အရေးနိမ့်ခြင်း
7 ထိုအနှစ်တစ်ထောင်ကုန်ပြီးမှ၊ စာတန်သည် ထောင်ထဲက လွှတ်သောအခွင့်ကို ရ၍၊- 8 အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသောဂေါဂ၊ မာဂေါဂတည်းဟူသော မြေကြီး လေးမျက်နှာပေါ်မှာနေသော လူအမျိုးမျိုးတို့ကို လှည့်ဖြားအံ့သောငှာလည်းကောင်း၊ စစ်တိုက်ဖို့ စည်းဝေးစေခြင်းငှာလည်းကောင်း တက်လိမ့်မည်။-ယေဇ၊၇:၂၊ ၃၈:၂၊၉၊၁၅။9 ထိုသူများတို့သည် မြေကြီးမျက်နှာပေါ်သို့ တက်၍၊ သန့်ရှင်းသူတို့၏ တပ်ကိုလည်းကောင်း၊ ချစ်ဖွယ်သော မြို့တော်ကိုလည်းကောင်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့်အထံတော်၊ ကောင်းကင်မှ မီးကျ၍ သူတို့ကိုမျိုလေ၏။- 10 သူတို့ကိုလှည့်ဖြားသော မာရ်နတ်ကိုလည်း၊ သားရဲနှင့် မိစ္ဆာပရောဖက်ရှိရာ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြလတ္တံ့။