1 တစ်ဖန် နေမတ်အမျိုးသား ဇောဖာမြွက်ဆိုသည်ကား၊ 2 ငါပြန်ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့်၊ ပြောချင်သောစိတ်အားကြီး၏။ 3 ငါသည်ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်းစကားကိုကြား၍၊ ငါ့ဉာဏ်သဘော နှိုးဆော်သဖြင့် ငါပြန်ပြောရ၏။
4 ရှေ့ဦးစွာသောကာလ၊ လူကို မြေကြီးပေါ်မှာ နေရာချစကာလမှစ၍၊ 5 ဆိုးသောသူသည် ကြာမြင့်စွာကာလ မဝါကြွားရကြောင်းကိုလည်းကောင်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက်ကြောင်းကိုလည်းကောင်း မသိသလော။ 6 သူ၏ဘုန်းသည် မိုးပေါ်သို့တက်၍၊ သူ၏ခေါင်းသည် မိုးတိမ်တိုင်အောင် မီသော်လည်း၊ 7 မိမိမစင်ကဲ့သို့ အစဉ်ပျက်ရလိမ့်မည်။ သူ့ကိုမြင်ဖူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။ 8 သူသည် အိပ်မက်ကဲ့သို့လွင့်ပြား၍ နောက်တစ်ဖန် မတွေ့ရ။ ညရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။ 9 သူ့ကိုမြင်ဖူးသောမျက်စိသည် နောက်တစ်ဖန် သူ့ကိုမကြည့်မရှုရ။ သူ၏နေရာအရပ်သည် နောက်တစ်ဖန် သူ့ကိုမမြင်ရ။ 10 သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေးရကြ၏။ 11 သူ၏အရိုးတို့သည် ပျိုသောအရွယ်၏ အရှိန်နှင့်ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရကြလိမ့်မည်။ 12 သူသည်မိမိပါးစပ်၌ ဒုစရိုက်ကိုချိုနိုးထင်၍၊ မိမိလျှာအောက်မှာ ဝှက်ထားလျက်၊ 13 နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပါးစပ်၌ ငုံသော်လည်း၊ 14 စားပြီးလျှင် သူ၏ဝမ်းထဲမှာ သဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။ 15 သူမျိုသောစည်းစိမ်ဥစ္စာကို တစ်ဖန်အန်ရလိမ့်မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနုတ်တော်မူမည်။ 16 သူသည် မြွေဆိုးအဆိပ်အတောက်ကိုစို့၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည်။ 17 အသွယ်သွယ်သောမြစ်၊ နို့နှင့် ပျားရည်စီးသောမြစ်တို့ကို မမြင်ရ။ 18 မိမိလုပ်၍ရသောဥစ္စာကို မိမိမသုံးဘဲ ပြန်ပေးရ၏။ ပြန်ပေးရသော ဥစ္စာဖြစ်သောကြောင့် အားရခြင်းမရှိရ။ 19 ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်၍၊ မိမိ မဆောက်သောအိမ်ကို လုယူသောကြောင့်လည်းကောင်း၊ 20 လောဘ မပြေနိုင်သောကြောင့်လည်းကောင်း၊ အလိုရှိသောဥစ္စာ တစ်စုံတစ်ခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည်။ 21 သူလုယူချင်သော လောဘလက်နှင့် အဘယ်အရာမျှ မလွတ်သောကြောင့်၊ သူ၏စည်းစိမ်မတည်ရ။ 22 ဥစ္စာကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့၍၊ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည်။ 23 သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကိုလွှတ်၍ သူစားစရာဖို့ အမျက်တော်မိုးကို ရွာစေတော်မူမည်။ 24 သံလက်နက်ကို ရှောင်၍ပြေးသော်လည်း၊ ကြေးဝါလေးဖြင့် ထုတ်ချင်းခွင်းလိမ့်မည်။ 25 မြားကိုနုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက်သောဓားသည် သူ၏သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောတွေဝေလျက် နေရ၏။ 26 ခပ်သိမ်းသောဘေးတို့သည် သူ့အဖို့ သိုထားလျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့်မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင်လိမ့်မည်။ 27 မိုးကောင်းကင်သည် သူ၏အပြစ်ကို ဖော်ပြ၍၊ မြေကြီးသည်လည်း သူ့တစ်ဖက်၌ထလိမ့်မည်။ 28 သူ၏အိမ်၌ရှိသော ဥစ္စာသည် ကွယ်ပျောက်၍၊ အမျက်တော် ထွက်သောနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။ 29 ထိုသို့သောဆုလာဘ်ကို ဘုရားသခင်သည် လူဆိုးအားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရားသခင်ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။