1 သူတစ်ပါးများနှင့် မရောနှောသောသူသည် မိမိစေတနာအလိုရှိသည်အတိုင်း ရှာဖွေ၍၊ ပညာရတနာအမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။ 2 မိုက်သောသူမူကား၊ မိမိစိတ်သဘောကို ပြစရာအခွင့်မှတစ်ပါး၊ အခြားသောအကြောင်းကြောင့် ဉာဏ်ပညာ၌ မပျော်မွေ့တတ်။ 3 မတရားသောသူလာသောအခါ၊ မထီမဲ့မြင်ပြုခြင်းကိုခံရ၏။ ဂုဏ်အသရေပျက်သောအခါ၊ ကဲ့ရဲ့ခြင်းကိုလည်း ခံရ၏။ 4 နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့လည်းကောင်း၊ ပညာစမ်းရေတွင်းသည် ရေစီးသော မြစ်ကဲ့သို့လည်းကောင်းဖြစ်၏။ 5 တရားတွေ့ရာအမှု၌ ဖြောင့်မတ်သောသူကို ရှုံးစေခြင်းငှာ၊ မတရားသောသူ၏မျက်နှာကို မထောက်ကောင်း။ 6 မိုက်သောသူ၏ နှုတ်ခမ်းတို့သည် ရန်တွေ့တတ်၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်းတတ်၏။ 7 မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာအကြောင်းဖြစ်၏။ 8 ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဖွယ်စားဖွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ ဝင်တတ်၏။ 9 အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသောသူနှင့် ညီအစ်ကိုတော်ပေ၏။ 10 ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။ 11 ငွေရတတ်သောသူက၊ ငါ့စည်းစိမ်သည် ခိုင်ခံ့သောမြို့ ဖြစ်၏။ မြင့်သောမြို့ရိုးနှင့် တူသည်ဟု ထင်တတ်၏။ 12 ပျက်စီးခြင်းအရင်၌ လူသည် စိတ်မြင့်ခြင်း၏နေရာ၊ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။ 13 အကျိုးအကြောင်းကို မစစ်မီ၊ အမှုစီရင်သောသူသည် မိုက်သောအပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
14 လူ၏စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင်၏။ ကြေကွဲသောစိတ်ကိုကား၊ အဘယ်သူ သည်းခံနိုင်သနည်း။