Publicidade

Ezequiel 40

(၄၀:၁--၄၈:၃၅)

ဗိ​မာန်​တော်​ဆိုင်​ရာ​ဗျာ​ဒိတ်

1 ငါ​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရာ သ​က္က​ရာဇ်​နှစ်​ဆယ်​ငါး​ခု၊ ပ​ထ​မ​လ​ဆယ်​ရက်​နေ့၊ မြို့​တော်​ကို လုပ်​ကြံ၍၊ တစ်​ဆယ်​လေး​နှစ် စေ့​သော​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ​ရှိ၍ ထို​မြို့​သို့​ဆောင်​သွား​တော်​မူ၏။ 2 ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို ဣ​သ​ရေ​လ​ပြည်​သို့​ဆောင်​သွား၍၊ အ​လွန်​မြင့်​သော တောင်​ပေါ်​မှာ တင်​ထား​တော်​မူ၏။ ထို​တောင်​အ​နား​မှာ တောင်​ဘက်၌ မြို့​ပုံ​သ​ဏ္ဌာန်​ရှိ၏။3 ထို​အ​ရပ်​သို့ ငါ့​ကို ဆောင်​သွား​တော်​မူ​သော​အ​ခါ၊ ကြေး​ဝါ​ကဲ့​သို့​အ​ဆင်း​အ​ရောင်​ရှိ​သော လူ​တစ်​ဦး​သည် တိုင်း​စ​ရာ​ကျူ​လုံး​နှင့် ချည်​ကြိုး​ကို ကိုင်​လျက် မြို့​တံ​ခါး​ဝ​မှာ ရပ်​နေ၏။4 ထို​သူ​က၊ အ​ချင်း​လူ​သား၊ စေ့​စေ့​ကြည့်​ရှု​လော့။ စေ့​စေ့​နား​ထောင်​လော့။ ငါ​ပြ​လ​တ္တံ့​သ​မျှ​တို့​ကို နှ​လုံး​သွင်း​လော့။ သင့်​အား ငါ​ပြ​အံ့​သော​ငှာ သင့်​ကို​ဤ​အ​ရပ်​သို့​ဆောင်​ခဲ့​တော်​မူ​ပြီ၊ မြင်​သ​မျှ​တို့​ကို​လည်း ဣ​သ​ရေ​လ​အ​မျိုး​အား ပြ​ရ​မည်​ဟု​ဆို၏။

တံ​တိုင်း

5 အိမ်​တော်​ပြင်​ပတ်​လည်၌ တံ​တိုင်း​ရှိ၏။ ထို​သူ​သည် သံ​တောင်​အား​ဖြင့် အ​ရှည်​ခြောက်​တောင်​ရှိ​သော ကျူ​လုံး​ကို ကိုင်​လျက်၊ ထို​တံ​တိုင်း​ကို​တိုင်း၍ အ​ထု​ကျူ​တစ်​ပြန်၊ အ​မြင့်​လည်း ကျူ​တစ်​ပြန်​ရှိ၏။ 6 ထို​နောက်၊ အ​ရှေ့​တံ​ခါး​သို့​သွား၍ လှေ​ကား​ကို တက်​ပြီး​မှ၊ တံ​ခါး​ထုပ်​နှင့် တံ​ခါး​ခုံ​ကို​တိုင်း၍ အ​နံ ကျူ​တစ်​ပြန်​စီ​ရှိ၏။ 7 အ​ခန်း​ငယ်​တို့​သည် တစ်​ခန်း​နှင့် တစ်​ခန်း ငါး​တောင်​ကွာ​လျက် အ​လျား​ကျူ​တစ်​ပြန်၊ အ​နံ​လည်း ကျူ​တစ်​ပြန်​စီ​ရှိ​ကြ၏။ 8 အ​တွင်း​တံ​ခါး​ခုံ​လည်း အ​နံ​ကျူ​တစ်​ပြန်​ရှိ၏။ 9 တံ​ခါး​မုခ်​ကို​လည်း တိုင်း၍ အ​လျား​ရှစ်​တောင်​ရှိ၏။ မုခ်​တိုင်​အ​မြင့် နှစ်​တောင်​စီ​ရှိ၏။ တံ​ခါး​မုခ်​သည် တံ​ခါး​အ​တွင်း​ဘက်၌ ရှိ​သ​တည်း။ 10 အ​ရှေ့​တံ​ခါး တစ်​ဖက်​တစ်​ချက်၌ အ​ခန်း​ငယ်​သုံး​ခန်း​စီ​ရှိ၍၊ အ​လျား​အ​နံ​တ​ညီ​တည်း၊ တစ်​ဖက်​တစ်​ချက်၌ တိုင်​အ​မြင့်​လည်း တ​ညီ​တည်း​ရှိ​ကြ၏။ 11 တံ​ခါး​ဝ​ကို​လည်း​တိုင်း၍ အ​နံ​ဆယ်​တောင်၊ အ​မြင့်​တစ်​ဆယ်​သုံး​တောင်​ရှိ၏။ 12 အ​ခန်း​ငယ်​တို့​ရှေ့​မှာ တစ်​ဖက်​တစ်​ချက်၌ ကြမ်း​ပြင်​အ​နံ တစ်​တောင်​ရှိ၏။ တစ်​ဖက်​တစ်​ချက်၌​ရှိ​သော အ​ခန်း​ငယ်​တို့​သည် အ​လျား​အ​နံ ခြောက်​တောင်​စီ​ရှိ၏။ 13 ထို​နောက်၊ အ​ခန်း​ငယ်​အ​မိုး​စွန်း တစ်​ခု​မှ​သည် တစ်​ခု​တိုင်​အောင် တိုင်း၍ အ​ကျယ်​နှစ်​ဆယ်​ငါး​တောင်​ရှိ၏။ တံ​ခါး​တို့​သည် မျက်​နှာ​ချင်း​ဆိုင်​ကြ၏။ 14 တံ​ခါး​ပတ်​လည် တံ​တိုင်း​အ​တွင်း၊ ထောင့်​တိုင်​အ​ထိ၊ အ​တောင်​ခြောက်​ဆယ်​ကျယ်​အောင် တိုင်​များ​ကို ထား​လေ၏။ 15 ပြင်​တံ​ခါး​ဝ​မှ​သည် အ​တွင်း​တံ​ခါး​မုခ်​ဝ​တိုင်​အောင် အ​တောင်​ငါး​ဆယ်​ရှိ၏။ 16 အ​ခန်း​များ၊ တံ​ခါး​အ​တွင်း​ပတ်​လည်​တိုင်​များ၊ တံ​ခါး​မုခ်​များ အ​တွင်း​ဘက်၌ ကျဉ်း​သော​ပြတင်း​ပေါက်​များ​ရှိ၏။ တိုင်​များ၌ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။

အ​ပြင်​တံ​တိုင်း

17 ထို​နောက်၊ ငါ့​ကို ပြင်​တံ​တိုင်း​ထဲ​သို့ သွင်း၍ အ​ခန်း​များ​ကို ငါ​မြင်၏။ ကျောက်​ခင်း​လည်း​ရှိ၏။ ကျောက်​ခင်း​အ​ပေါ်​မှာ အ​ခန်း​သုံး​ဆယ်​ရှိ၏။ 18 တံ​ခါး​များ အ​စဉ်​အ​တိုင်း​လိုက်၍၊ တံ​ခါး​အ​နား​မှာ ရှိ​သော ကျောက်​ခင်း​သည် အောက်​ကျောက်​ခင်း ဖြစ်၏။ 19 ထို​နောက်၊ အောက်​တံ​ခါး​ဦး​မှ​သည် အ​တွင်း တံ​တိုင်း​ပြင်​ဘက်​ဦး​တိုင်​အောင် တိုင်း၍၊ အ​ရှေ့​မျက်​နှာ၌ အ​တောင်​တစ်​ရာ​ကွာ၏။

ပြင်​တံ​တိုင်း​မြောက်​ဘက်

20 တစ်​ဖန် မြောက်​မျက်​နှာ​သို့ ခေါ်​သွား၍၊ ပြင်​တံ​တိုင်း​မြောက်​ဘက်​သို့ မျက်​နှာ​ပြု​သော တံ​ခါး​အ​မြင့်​နှင့် အ​နံ​ကို တိုင်း​လေ၏။ 21 အ​ခန်း​တို့​သည် တစ်​ဖက်​တစ်​ချက်၌ သုံး​ခန်း​စီ​ရှိ၏။ တိုင်​များ၊ မုခ်​များ​တို့​သည် အ​ရင်​တံ​ခါး​ကဲ့​သို့​ဖြစ်၍၊ အ​လျား​အ​တောင်​ငါး​ဆယ်၊ အ​နံ​နှစ်​ဆယ်​ငါး​တောင်​ရှိ၏။ 22 ပြတင်း​ပေါက်၊ မုခ်၊ စွန်​ပ​လွံ​ပင်​များ​တို့​သည် အ​ရှေ့​တံ​ခါး​ကဲ့​သို့ ဖြစ်​ကြ၏။ လှေ​ကား​ခု​နစ်​ထစ်​ဖြင့် တံ​ခါး​သို့​တက်​ရ၏။ မုခ်​တို့​သည် လှေ​ကား​နှင့် တစ်​တန်း​တည်း​ရှိ​ကြ၏။ 23 အ​ရှေ့​ဘက်၌​ရှိ​သ​ကဲ့​သို့ မြောက်​တံ​ခါး​မျက်​နှာ​ချင်း​ဆိုင်​အ​တွင်း တံ​တိုင်း​တံ​ခါး​ဝ​ရှိ၏။ တံ​ခါး​ဝ​တစ်​ခု​နှင့် တစ်​ခု အ​တောင်​တစ်​ရာ​ကွာ၏။

တောင်​တံ​ခါး

24 ထို​နောက်၊ တောင်​မျက်​နှာ​သို့​ခေါ်​သွား၍ တောင်​တံ​ခါး​ကို​ငါ​မြင်၏။ တိုင်​များ၊ မုခ်​များ​ကို​တိုင်း၍ အ​ရင်​ပ​မာ​ဏ​နှင့် တ​ညီ​တည်း​ရှိ​ကြ၏။ 25 အ​ရင်​ပြ​တင်း​ပေါက်​ကဲ့​သို့ ပြတင်း​ပေါက်​များ၊ မုခ်​များ​ရှိ၍၊ အ​လျား​အ​တောင်​ငါး​ဆယ်၊ အ​နံ နှစ်​ဆယ်​ငါး​တောင်​ရှိ၏။ 26 လှေ​ကား ခု​နစ်​ထစ်​ဖြင့် တံ​ခါး​သို့​တက်​ရ၏။ မုခ်​တို့​သည် လှေ​ကား​နှင့် တစ်​တန်း​တည်း​ရှိ​ကြ၏။ တစ်​ဖက်​တစ်​ချက်​တိုင်​များ၌ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။ 27 တောင်​မျက်​နှာ၌ အ​တွင်း​တံ​တိုင်း​တံ​ခါး​ဝ​ရှိ၏။ ထို​မျက်​နှာ၌ တံ​ခါး​ဝ​တစ်​ခု​မှ​သည် တစ်​ခု​တိုင်​အောင်​တိုင်း၍ အ​တောင်​တစ်​ရာ ကွာ၏။

တောင်​ဘက်​အ​တွင်း​တံ​တိုင်း

28 တစ်​ဖန် အ​တွင်း​တံ​တိုင်း​ထဲ​သို့ တောင်​တံ​ခါး​ဖြင့်​သွင်း၍၊ အ​ရင် ပ​မာ​ဏ​နှင့်​အ​ညီ ထို​တံ​ခါး​ကို တိုင်း​လေ၏။ 29 အ​ခန်း​ငယ်​များ၊ တိုင်​များ၊ မုခ်​များ​တို့​သည် အ​ရင်​ပ​မာ​ဏ​နှင့် တ​ညီ​တည်း​ရှိ​ကြ၏။ တံ​ခါး​ဝ​ပတ်​လည်၌​လည်း​ကောင်း၊ မုခ်​များ၌​လည်း​ကောင်း ပြတင်း​ပေါက်​ရှိ၍၊ အ​လျား​အ​တောင် ငါး​ဆယ်၊ အ​နံ​နှစ်​ဆယ်​ငါး​တောင်​ရှိ၏။ 30 ပတ်​လည်၌​ရှိ​သော မုခ်​တို့​သည်​လည်း အ​လျား အ​တောင်​နှစ်​ဆယ်​ငါး​တောင်၊ အ​နံ ငါး​တောင်​ရှိ၏။ 31 မုခ်​တို့​သည် ပြင်​တံ​တိုင်း​သို့​မျက်​နှာ​ပြု၍၊ တိုင်​များ​အ​ပေါ်​မှာ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။ လှေ​ကား ရှစ်​ထစ်​ဖြင့် တက်​ရ၏။

အ​ရှေ့​ဘက်​အ​တွင်း​တံ​တိုင်း

32 အ​ရှေ့​ဘက်၌​လည်း အ​တွင်း​တံ​တိုင်း​ထဲ​သို့ သွင်း၍၊ ထို​တံ​ခါး​ကို အ​ရင်​ပ​မာ​ဏ​နှင့်​အ​ညီ တိုင်း​လေ၏။ 33 အ​ခန်း​ငယ်​များ၊ တိုင်​များ၊ မုခ်​များ​တို့​သည် အ​ရင်​ပ​မာ​ဏ​နှင့် တ​ညီ​တည်း​ရှိ​ကြ၏။ တံ​ခါး​ဝ​ပတ်​လည်၌​လည်း​ကောင်း၊ မုခ်​များ၌​လည်း​ကောင်း ပြတင်း​ပေါက်​ရှိ၍၊ အ​လျား အ​တောင်​ငါး​ဆယ်၊ အ​နံ နှစ်​ဆယ်​ငါး​တောင်​ရှိ၏။ 34 မုခ်​တို့​သည် ပြင်​တံ​တိုင်း​သို့ မျက်​နှာ​ပြု၍၊ တစ်​ဖက်​တစ်​ချက်​တိုင်​များ​ပေါ်​မှာ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။ လှေ​ကား​ရှစ်​ထစ်​ဖြင့် တက်​ရ၏။

မြောက်​တံ​ခါး

35 တစ်​ဖန် မြောက်​တံ​ခါး​သို့ ခေါ်​သွား၍ အ​ရင်​ပ​မာ​ဏ​နှင့်​အ​ညီ တိုင်း​လေ၏။ 36 အ​ခန်း​ငယ်​များ၊ တိုင်​များ၊ မုခ်​များ၊ ပတ်​လည်၌ ပြတင်း​ပေါက်​များ​တို့​နှင့် ပြည့်​စုံ၍၊ အ​လျား အ​တောင်​ငါး​ဆယ်၊ အ​နံ နှစ်​ဆယ်​ငါး​တောင်​ရှိ၏။ 37 မုခ်​တို့​သည် ပြင်​တံ​တိုင်း​သို့ မျက်​နှာ​ပြု၍၊ တစ်​ဖက်​တစ်​ချက်​တိုင်​များ​အ​ပေါ်​မှာ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။ လှေ​ကား​ရှစ်​ထစ်​ဖြင့် တက်​ရ၏။

မြောက်​တံ​ခါး၀

38 မီး​ရှို့​သော ယဇ်​ကောင်​ကို ရေ​နှင့် ဆေး​ကြော​စ​ရာ​အ​ခန်း​များ၊ အ​ခန်း​ဝင်​ဝ​များ​တို့​သည် ထို​တံ​ခါး​မုခ်၌ ရှိ​ကြ၏။

39 မီး​ရှို့​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကောင်​ကို သတ်​စ​ရာ​ဖို့၊ တံ​ခါး​မုခ်​အ​တွင်း တစ်​ဖက်​တစ်​ချက်၌ စား​ပွဲ​နှစ်​ခု​စီ ရှိ​ကြ၏။ 40 မြောက်​တံ​ခါး​ဝ​သို့ တက်​ရာ​တံ​ခါး​မုခ်၊ ပြင်​အ​နား တစ်​ဖက်​တစ်​ချက်၌​လည်း စား​ပွဲ​နှစ်​ခု​စီ​ရှိ​သည်​ဖြစ်၍၊ 41 တံ​ခါး​ဝ တစ်​ဖက်​တစ်​ချက်၌ ယဇ်​ကောင်​ကို​သတ်​စ​ရာ စား​ပွဲ​လေး​ခု​စီ၊ ပေါင်း​ရှစ်​ခု​ရှိ​ကြ၏။ 42 မီး​ရှို့​ရာ​ယဇ်​ဖို့ စား​ပွဲ​လေး​ခု​တို့​သည် ဆစ်​သော​ကျောက်​ဖြင့်​ပြီး၍၊ အ​လျား တစ်​တောင်​တစ်​ထွာ၊ အ​နံ တစ်​တောင်​တစ်​ထွာ၊ အ​မြင့် တစ်​တောင်​ရှိ၏။ ထို​စား​ပွဲ​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို သတ်​စ​ရာ​တန်​ဆာ​များ​ကို တင်​ထား​ရ​ကြ၏။ 43 စား​ပွဲ​အ​ပေါ်​ပတ်​လည်၌ အ​ကျယ် လက်​တစ်​ဝါး​ရှိ​သော အ​နား​ပတ်​တပ်​လျက်​ရှိ၍၊ ပူ​ဇော်​စ​ရာ​ယဇ်​သား​ကို တင်​ထား​ရ​ကြ၏။

44 အ​တွင်း​တံ​ခါး​ပြင်​မှာ အ​တွင်း​တံ​တိုင်း၌ အ​ခန်း​နှစ်​ခု​ကို ငါ​မြင်၏။ တစ်​ခန်း​ကား၊ မြောက်​တံ​ခါး​အ​နား​မှာ​ရှိ၍ တောင်​ဘက်​သို့ မျက်​နှာ​ပြု၏။ တစ်​ခန်း​ကား၊ တောင်​တံ​ခါး​အ​နား​မှာ​ရှိ၍ မြောက်​ဘက်​သို့​မျက်​နှာ​ပြု၏။ 45 တောင်​ဘက်​သို့​မျက်​နှာ​ပြု​သော ဤ​အ​ခန်း​ကား၊ အိမ်​တော်​အ​မှု​ကို​ဆောင်​သော ယဇ်​ပု​ရော​ဟိတ် နေ​စ​ရာ​ဖို့၊ 46 မြောက်​ဘက်​သို့​မျက်​နှာ​ပြု​သော ဤ​အ​ခန်း​ကား၊ ယဇ်​ပ​လ္လင်​အ​မှု​ကို​ဆောင်​သော ယဇ်​ပု​ရော​ဟိတ် နေ​စ​ရာ​ဖို့ ဖြစ်၏။ ထို​သူ​တို့​ကား၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ချဉ်း​ကပ်၍ အ​မှု​တော်​ကို​ဆောင်​စေ​ခြင်း​ငှာ၊ လေ​ဝိ​သား​တို့​တွင်​ရွေး​ကောက်​သော ဇာ​ဒုတ်​သား​ပေ​တည်း​ဟု ငါ့​အား​ပြော​ဆို၏။

အိမ်​တော်​ဦး

47 ထို​အ​ခါ တံ​တိုင်း​ကို​တိုင်း၍ အ​လျား အ​တောင်​တစ်​ရာ၊ အ​နံ အ​တောင်​တစ်​ရာ စ​တု​ရန်း​ရှိ၏။ ယဇ်​ပ​လ္လင်​သည် အိမ်​တော်​ရှေ့​မှာ တည်၏။ 48 အိမ်​တော်​ဦး​သို့​ခေါ်၍ တံ​ခါး​ဝ​နှစ်​ဖက်​ကို​တိုင်း​လျှင်၊ အ​ကျယ် ငါး​တောင်​စီ​ရှိ၏။ တံ​ခါး​ရွက်​နှစ်​ဖက်၊ အ​နံ သုံး​တောင်​စီ​ရှိ၏။ 49 အိမ်​တော်​ဦး​အ​လျား​ကား အ​တောင်​နှစ်​ဆယ်၊ အ​နံ​ကား တစ်​ဆယ်​တစ်​တောင်​ရှိ၏။ လှေ​ကား​ဆယ်​ထစ်​ဖြင့် တက်​ရ၏။ အိမ်​တော်​ဦး​အ​နား၊ တစ်​ဖက်​တစ်​ချက်၌ တိုင်​တစ်​လုံး​စီ​တည်​လျက်​ရှိ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-18_14-04-22-