Publicidade

Ezequiel 21

ထာ​ဝ​ရ​ဘု​ရား​၏​ဓား​တော်

1 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 2 အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင်​မြို့​ကို​မျက်​နှာ​ပြု​လျက်၊ သန့်​ရှင်း​သော အ​ရပ်​ဌာ​န​တို့​တစ်​ဖက်၌ မြွက်​ဆို၍ ဣ​သ​ရေ​လ​ပြည်​တစ်​ဖက်၌ ဟော​ပြော​လော့။ 3 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​ပြည်​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် သင့်​ကို​ရန်​ဘက်​ပြု​လျက်၊ ငါ့​ဓား​ကို​ဓား​အိမ်​မှ​ထုတ်၍၊ သင်၌​တ​ရား​သော​သူ၊ မ​တ​ရား​သော​သူ​တို့​ကို ပယ်​ဖြတ်​မည်။ 4 ထို​သို့​သင်၌ တ​ရား​သော​သူ၊ မ​တ​ရား​သော သူ​တို့​ကို ပယ်​ဖြတ်​စ​ရာ​အ​ကြောင်း ရှိ​သော​ကြောင့်၊ ငါ့​ဓား​သည် တောင်​ဘက်​မှ​သည် မြောက်​ဘက်​သို့​တိုင်​အောင်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ရန်​ဘက်​ပြု၍ မိ​မိ​အိမ်​မှ ထွက်​ရ​လိမ့်​မည်။ 5 ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ဓား​ကို သူ့​အိမ်​မှ​ထုတ်​ကြောင်း​ကို၊ သ​တ္တ​ဝါ​အ​ပေါင်း​တို့ သိ​ရ​ကြ​လိမ့်​မည်။ ထို​ဓား​သည် နောက်​တစ်​ဖန် အိမ်​သို့ မ​ပြန်​ရ။ 6 သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ညည်း​တွား​သံ​ကို ပြု​လော့။ ခါး​ကျိုး​လျက်၊ နှ​လုံး​ကြေ​ကွဲ​လျက်၊ သူ​တို့​ရှေ့​မှာ ညည်း​တွား​သံ​ကို ပြု​လော့။ 7 သူ​တို့​က​လည်း၊ အ​ဘယ်​ကြောင့် ညည်း​တွား​သ​နည်း​ဟု သင့်​ကို​မေး​သော​အ​ခါ၊ သင်​က၊ ငါ​သည် သ​တင်း​စ​ကား​ကြောင့် ညည်း​တွား၏။ အ​မှု​နီး​ပြီ၊။ လူ​အ​ပေါင်း​တို့​သည် ကြောက်​အား​ကြီး၍ လက်​အား​လျော့​ကြ​လိမ့်​မည်။ စိတ်​ပျက်၍ ဒူး​သည်​လည်း အ​ရည်​ဖြစ်​လိမ့်​မည်။ အ​မှု​လာ၍ ရောက်​မည်​အ​ကြောင်း​ကို၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​ပေး​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လော့​ဟု မိန့်​တော်​မူ၏။

8 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 9 အ​ချင်း​လူ​သား၊ ပ​ရော​ဖက်​ပြု၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ဓား​တော်​ကို ထက်​စွာ သွေး​လေ​ပြီ။ ပြောင်​လက်​စွာ ပွတ်​လေ​ပြီ။ 10 ထက်၍ အ​ထူး​သ​ဖြင့် လုပ်​ကြံ​စေ​ခြင်း​ငှာ သွေး​လေ​ပြီ။ ပြောင်၍ အ​ရောင်​တောက်​စေ​ခြင်း​ငှာ​လည်း ပွတ်​လေ​ပြီ။ ငါ့​သား၏ ရာ​ဇ​လှံ​တံ​ကြောင့် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​မည်​လော။ ထို​ဓား​သည် သစ်​သား​ရှိ​သ​မျှ​ကို မ​ထီ​မဲ့​မြင် ပြု​တတ်၏။ 11 သုံး​စ​ရာ​ဖို့ ပွတ်​စေ​ခြင်း​ငှာ အပ်​ထား​ပြီ။ လုပ်​ကြံ​သော​သူ၌​အပ်​ခြင်း​ငှာ ထက်​စွာ​လည်း သွေး​လေ​ပြီ။ ပြောင်​လက်​စွာ​ပွတ်​လေ​ပြီ။ 12 အ​ချင်း​လူ​သား၊ ငို​ကြွေး​အော်​ဟစ်​လော့။ အ​ကြောင်း​မူ​ကား၊ ငါ၏​လူ​တို့၌ ရောက်​လိမ့်​မည်။ ဣ​သ​ရေ​လ​မင်း​သား အ​ပေါင်း​တို့၌​လည်း ရောက်​လိမ့်​မည်။ သူ​တို့​နှင့်​တ​ကွ ငါ၏​လူ​တို့​ကို ဓား၌​အပ်​လေ၏။ ထို​ကြောင့်၊ သင်၏​ပေါင်​ကို ရိုက်​လော့။ 13 စုံ​စမ်း​ခြင်း​အ​မှု​ဖြစ်၏။ ဓား​တော်​သည် လှံ​တံ​ကို မ​ရို​မ​သေ​ပြု​လျှင် အ​ဘယ်​သို့​နည်း။ လှံ​တံ​ဆုံး​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 14 သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ပ​ရော​ဖက်​ပြု၍​လက်​ခုပ်​တီး​လော့။ ဓား​တော်​သည် နှစ်​ခေါက်၊ သုံး​ခေါက်​ရောက်​ရ၏။ သူ​ရဲ​ဓား၊ အား​ကြီး​သော သူ​ရဲ​ဓား​ဖြစ်၏။ သူ​တို့​ကို​ဝန်း​ရံ​သော​ဓား​ဖြစ်၏။ 15 သူ​တို့​စိတ်​ပျက်၍ အ​ထူး​သ​ဖြင့်​ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ ဓား​ဘေး​ကို မြို့​တံ​ခါး​ရှိ​သ​မျှ​တို့၌ ငါ​ရောက်​စေ​ပြီ။ ဓား​ပြောင်​လျက်​ရှိ၏။ လုပ်​ကြံ​စ​ရာ​ဖို့ ပွတ်​ထား​လျက်​ရှိ၏။ 16 စု​ဝေး​လော့။ လက်​ယာ​ဘက်​သို့ ခုတ်​လော့။ ပြင်​ဦး​လော့။ လက်​ဝဲ​ဘက်​အ​စ​ရှိ​သော သင်၏​အ​သွား​မျက်​နှာ​ပြု​သ​မျှ​ဘက်​သို့ ခုတ်​လော့။ 17 ငါ​သည်​လည်း လက်​ချင်း​ရိုက်၍၊ ငါ့​ဒေါ​သ​အ​ရှိန်​ကို​ငြိမ်း​စေ​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။

ဗာ​ဗု​လုန်​ဘု​ရင်​၏​ဓား

18 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 19 အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ ဓား​သွား​ရာ​လမ်း​နှစ်​လမ်း​ကို မှတ်​သား​လော့။ လမ်း​နှစ်​လမ်း​တို့​သည် ပြည်​တစ်​ပြည်​ထဲ​က ထွက်​ရ​မည်။ မြို့​သို့​သွား​သော လမ်း​ခွ၌ အ​ရပ်​တစ်​ခု​ကို ရွေး​လော့။ 20 အ​မ္မုန်​ပြည်၌ ရ​ဗ္ဗတ်​မြို့​သို့​လည်း​ကောင်း၊ ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ ဓား​ရောက်​ရာ​လမ်း​ကို မှတ်​သား​လော့။ 21 ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဗေ​ဒင်​တွက်​ခြင်း​ငှာ လမ်း​နှစ်​လမ်း​ဆုံ​မိ​ရာ​လမ်း​ခွ၌ ရပ်၏။ မြား​တို့​ကို ရော​နှော၏။ တေ​ရပ်​ရုပ်​တု​တို့​ကို မေး​မြန်း၏။ အ​သည်း​ကို ကြည့်​ရှု၏။ 22 ဝက်​ခွ​တိုင်၌ တုံး​တို့​ကို ဆွဲ​ထား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လုပ်​ကြံ​ခြင်း​အ​မှု​ကို​မှာ​ထား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွေး​ကြော်​အော်​ဟစ် စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြို့တံခါးတစ်ဖက်တစ်ချက်ဝက်ခွတိုင်၌ တုံးတို့ကိုဆွဲထားစေခြင်းငှာလည်းကောင်း၊ မြေရိုးကိုဖို့စေခြင်းငှာလည်းကောင်း၊ ရဲ​တိုက်​ကို ဆောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လက်​ယာ​ဘက်၌ ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ဗေ​ဒင်​တွက်၍ နေ​ရာ​ကျ၏။ 23 သို့​ရာ​တွင်၊ ရှင်​ဘု​ရင်​ထံ၌ သ​စ္စာ​ခံ​သော​သူ​တို့​သည် ထို​ဗေ​ဒင်​တွက်​ခြင်း​ကို အ​ချည်း​နှီး​သော ဗေ​ဒင်​တွက်​ခြင်း​ကဲ့​သို့ မှတ်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​မူ​ကား၊ သူ​တို့​ကို​ဖမ်း​မိ​လို​သော​ငှာ၊ သူ​တို့​ပြစ်​မှား​သော​အ​ပြစ်​ကို အောက်​မေ့​လိမ့်​မည်။ 24 သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ပြု​လေ​သ​မျှ​တို့၌ အ​ပြစ်​ထင်​ရှား​သည်​တိုင်​အောင်၊ သင်​တို့​သည် မိ​မိ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကို သူ​တစ်​ပါး​အောက်​မေ့​စေ၍၊ မိ​မိ​တို့​လွန်​ကျူး​ခြင်း အ​မှု​များ​ကို​ဖော်​ပြ​လျက်၊ မိ​မိ​တို့​ကို သူ​တစ်​ပါး အောက်​မေ့​စေ​သော​ကြောင့်၊ ထို​ရှင်​ဘု​ရင်​လက်​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ 25 အ​ချင်း​ဆိုး​ယုတ်​သော အ​ဓ​မ္မ​ဣ​သ​ရေ​လ​မင်း​သား၊ အ​ဓ​မ္မ​အ​မှု​ကြောင့် ဆုံး​ရှုံး​ရ​သော​ကာ​လ​ရောက်​သော​အ​ခါ၊ သင်၏​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။ 26 ဦး​ရစ်​တော်​ကို​ပယ်၍ ရာ​ဇ​သ​ရ​ဖူ​ကို ချွတ်​လော့။ နောက်​တစ်​ဖန် မ​ရှိ​ရ။ နိမ့်​သော​သူ​ကို ချီး​မြှောက်​ရ​မည်။ မြင့်​သော​သူ​ကို နှိမ့်​ချ​ရ​မည်။ 27 နိုင်​ငံ​ကို ဆုံး​ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​စိုး​ပိုင်​သော​သူ မ​ရောက်​မီ​တိုင်​အောင်​လည်း​ကောင်း ငါ​မှောက်​လှန်​မည်။ မှောက်​လှန်​မည်။ မှောက်​လှန်​မည်။ အ​စိုး​ပိုင်​သော​သူ၌ ငါ​အပ်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဓား​နှင့်​အ​မ္မုန်​ပြည်​သား​များ

28 အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း၊29 သူ​တို့​ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း ရည်​မှတ်၍​မိန့်​တော်​မူ​သော​စ​ကား​ကို ပ​ရော​ဖက်​ပြု၍ ဆင့်​ဆို​ရ​မည်​မှာ၊ အ​ဓ​မ္မ​အ​မှု​ကြောင့် ဆုံး​ရှုံး​ရ​သော​ကာ​လ​ရောက်၍ အ​ပြစ်​ဒဏ်​ခံ​ရ​သော​အ​ခါ၊ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော အ​ဓ​မ္မ​လူ​တို့၏ လည်​ပင်း​ပေါ်​မှာ၊ သင့်​ကို နေ​ရာ​ကျ​စေ​ခြင်း​ငှာ၊ သင့်​အ​ဖို့ အ​ချည်း​နှီး​သော​အ​ရာ​ကို​ကြည့်​မြင်၍၊ မု​သား​စ​ကား​ကို ဟော​ပြော​စဉ်​တွင်၊ ဓား​တော်​သည် လုပ်​ကြံ​ဖို့​ရာ ထုတ်​လျက်​ရှိ၏။ ဖျက်​ဆီး​ဖို့​ရာ အ​ရောင်​တောက်​သည်​တိုင်​အောင် ပြောင်​စွာ​ပွတ်​လေ​ပြီ။ 30 သင့်​ဓား​ကို အိမ်​သို့​ပြန်​စေ​လော့။ သင့်​ကို ငါ​ဖန်​ဆင်း​သော​အ​ရပ်၊ မွေး​ဖွား​ရာ​ဌာ​န၌ သင့်​ကို ငါ​စီ​ရင်​မည်။ 31 သင့်​အ​ပေါ်​သို့ ငါ့​အ​မျက်​ကို​ငါ​သွန်း​လောင်း​မည်။ ငါ့​ဒေါ​သ​မီး​ဖြင့် သင့်​ကို​မှုတ်​မည်။ ကြမ်း​တမ်း​သော​သ​ဘော​ရှိ၍ ဖျက်​ဆီး​တတ်​သော လူ​တို့​လက်​သို့ အပ်​မည်။ 32 သင်​သည် မီး​မွေး​ဖို့​ထင်း​ဖြစ်​ရ​လိမ့်​မည်။ သင့်​အ​သွေး​သည် ပြည်​အ​လယ်၌ ရှိ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ရ​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-18_14-04-22-