Publicidade

Ezequiel 10

ဘုန်း​အ​သ​ရေ​တော်​ထွက်​ခွာ​ခြင်း

1 တစ်​ဖန် ငါ​ကြည့်​ရှု၍၊ ခေ​ရု​ဗိမ်၏​ခေါင်း​တို့​အ​ထက် မိုး​မျက်​နှာ​ကြက်၌ နီ​လာ​ကျောက်​ကဲ့​သို့၊ ရာ​ဇ​ပ​လ္လင်၏​သ​ဏ္ဌာန်​အ​ရောင်​သည် ထင်​ရှား၏။2 ပိတ်​အ​ဝတ်​ကို​ဝတ်​သော သူ​အား​လည်း၊ ရ​ထား​ဘီး​တို့​အ​ကြား​မှာ ခေ​ရု​ဗိမ်​အောက်​သို့ ဝင်​လော့။ ခေ​ရု​ဗိမ် အ​ကြား​မှာ​ရှိ​သော မီး​ခဲ​တို့​ကို လက်​နှစ်​ဖက်​နှင့် ကျုံး​ပြီး​လျှင်၊ မြို့​အ​ပေါ်​မှာ ဖြန့်​ကြဲ​လော့​ဟု မိန့်​တော်​မူ​သည် အ​တိုင်း၊ ထို​သူ​သည် ငါ့​မျက်​မှောက်၌ သွား၏။3 ဝင်​သော​အ​ခါ ခေ​ရု​ဗိမ်​တို့​သည် အိမ်​တော် လက်​ယာ​ဘက်​မှာ​ရပ်၍၊ အ​တွင်း​တံ​တိုင်း​သည် မိုး​တိမ်​နှင့်​ပြည့်၏။ 4 ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် ခေ​ရု​ဗိမ်​အ​ပေါ်​က အိမ်​တော်​တံ​ခါး​ခုံ​အ​ထက်​သို့ တက်​ရွှေ့၍၊ အိမ်​တော်​သည် မိုး​တိမ်​နှင့်​ပြည့်၏။ တံ​တိုင်း​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​အ​ရောင်​နှင့် ပြည့်၏။ 5 အ​န​န္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင် မိန့်​မြွက်​တော်​မူ​သော အ​သံ​ကဲ့​သို့ ခေ​ရု​ဗိမ်​အ​တောင်​တို့၏ အ​သံ​ကို​ကြား​ရ၏။ 6 ပိတ်​အ​ဝတ်​ကို ဝတ်​သော​သူ​အား​လည်း၊ ရ​ထား​ဘီး​အ​ကြား​ထဲ​က မီး​ကို​ယူ​လော့​ဟု မိန့်​တော်​မူ​သော​အ​ခါ၊ ထို​သူ​သည်​ဝင်၍ ဘီး​တို့​အ​နား၌ ရပ်​နေ၏။ 7 ခေ​ရု​ဗိမ်​တစ်​ပါး​သည် ခေ​ရု​ဗိမ်​စု​ထဲ​က လက်​ကို​ဆန့်၍၊ ခေ​ရု​ဗိမ်​အ​ကြား​မှာ​ရှိ​သော မီး​ကို​ယူ​ပြီး​လျှင်၊ ပိတ်​အ​ဝတ်​ကို ဝတ်​သော​သူ​လက်၌ ထည့်၏။ ထို​သူ​လည်း​ခံ​ယူ၍ ထွက်​သွား၏။ 8 ခေ​ရု​ဗိမ်​အ​တောင်​အောက်၌ လူ​လက်​ကို​လည်း ငါ​မြင်၏။

9 ငါ​ကြည့်​ရှု၍၊ ခေ​ရု​ဗိမ်​တို့​အ​နား​မှာ ရ​ထား​ဘီး​တစ်​ခု​စီ​ရှိ၏။ ဘီး​တို့​သည် ကျောက်​မျက်​ရွဲ၏ အ​ဆင်း​အ​ရောင် ရှိ၏။10 ဘီး​လေး​ခု​တို့​သည် ပုံ​သ​ဏ္ဌာန်​တစ်​ညီ​တည်း​ရှိ၍၊ ဘီး​တစ်​ခု​ထဲ၌ ဘီး​တစ်​ခု​တပ်​သ​ကဲ့​သို့ ရှိ​ကြ၏။ 11 သွား​သော​အ​ခါ ဘီး​လေး​မျက်​နှာ​တ​ညီ​တည်း​နေ၍၊ မ​လှည့်​ဘဲ သွား​တတ်​ကြ၏။ ခေါင်း​မျက်​နှာ ပြု​သော​ဘက်​သို့ လိုက်၍ မ​လှည့်​ဘဲ သွား​ကြ၏။ 12 ဘီး​လေး​ခု​နှင့်​တ​ကွ ခေ​ရု​ဗိမ်​လေး​ပါး​တို့​သည် ကျော၊ လက်၊ အ​တောင်​မှ​စ၍ တစ်​ကိုယ်​လုံး၌ မျက်​စိ​နှင့် ပြည့်​ကြ၏။13 ထို​ဘီး​တို့​ကို စ​ကြာ​ဟူ​သော အ​မည်​ဖြင့် သ​မုတ်​သည်​ကို ငါ​ကြား၏။ 14 ခေ​ရု​ဗိမ်​တို့​သည် မျက်​နှာ​လေး​ခု​စီ​ရှိ၍၊ ပ​ထ​မ​မျက်​နှာ​သည် ခေ​ရု​ဗိမ်​မျက်​နှာ၊ ဒု​တိ​ယ​မျက်​နှာ​သည် လူ​မျက်​နှာ၊ တ​တိ​ယ​မျက်​နှာ​သည် ခြင်္သေ့​မျက်​နှာ၊ စ​တု​တ္ထ​မျက်​နှာ​သည် ရွှေ​လင်း​တ​မျက်​နှာ​ဖြစ်၏။15 ထို​ခေ​ရု​ဗိမ်​တို့​သည် ချီ​ကြွ​လျက်​ရှိ​ကြ၏။ ဤ​သည်​ကား၊ ခေ​ဗာ​မြစ်​နား​မှာ ငါ​မြင်​ဖူး​သော သ​တ္တ​ဝါ​ပေ​တည်း။ 16 ခေ​ရု​ဗိမ်​တို့​သည် သွား​သော​အ​ခါ ဘီး​တို့​သည် ထက်​ကြပ်​လိုက်​ကြ၏။ ခေ​ရု​ဗိမ်​တို့​သည် မြေ​ကြီး​မှ​တက်​အံ့​သော​ငှာ အ​တောင်​တို့​ကို ဖြန့်​သော​အ​ခါ၊ ဘီး​တို့​သည် မ​ကွာ​ဘဲ​လိုက်​ကြ၏။ 17 သူ​တို့​ရပ်​သော​အ​ခါ ဘီး​တို့​သည်​ရပ်​ကြ၏။ သူ​တို့​သည် မြေ​ကြီး​နှင့်​ကွာ၍ တက်​သော​အ​ခါ၊ ဘီး​တို့​သည်​လည်း ထက်​ကြပ်​လိုက်၍ တက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သ​တ္တ​ဝါ၏ ဝိ​ညာဉ်​သည်​ဘီး​တို့၌​ရှိ၏။

18 ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် အိမ်​တော်​တံ​ခါး​ခုံ​မှ ရွှေ့၍​ခေ​ရု​ဗိမ်​အ​ပေါ်​မှာ တည်​လေ၏။ 19 ထို​ခေ​ရု​ဗိမ်​တို့​သည် ငါ့​မျက်​မှောက်၌ အ​တောင်​တို့​ကို ဖြန့်​ပြီး​လျှင်၊ မြေ​ကြီး​နှင့်​ကွာ၍ တက်​ကြ၏။ ပြင်​သို့ ထွက်​သော​အ​ခါ ဘီး​တို့​သည် လိုက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ရှေ့ တံ​ခါး​ဝ​မှာ​ရပ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဘုန်း​တော်​သည် သူ​တို့​အ​ပေါ်​မှာ တည်​လျက်​ရှိ၏။ 20 ဤ​သည်​ကား၊ ခေ​ဗာ​မြစ်​နား​မှာ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့်​အောက်၌ ငါ​မြင်​ဖူး​သော​သ​တ္တ​ဝါ​ပေ​တည်း။ ခေ​ရု​ဗိမ်​ဖြစ်​သည်​ကို​လည်း ငါ​သိ၏။ 21 သူ​တို့​သည် မျက်​နှာ​လေး​ခု​စီ၊ အ​တောင်​လေး​ခု​စီ​ရှိ၍၊ အ​တောင်​အောက်၌ လူ​လက်​သ​ဏ္ဌာန်​ရှိ၏။ 22 မျက်​နှာ​ပုံ​ကား၊ ခေ​ဗာ​မြစ်​နား​မှာ ငါ​မြင်​ဖူး​သော​မျက်​နှာ​နှင့် တူ၏။ ကိုယ်​အ​ဆင်း​အ​ရောင်​လည်း​တူ၏။ ထို​သူ​လေး​ပါး​တို့​သည် တည့်​တည့်​သွား​တတ်​ကြ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-18_14-04-22-