1 သင်၏ဘုရားသခင် ထာဝရဘုရားသည် အဗိဗလ၊ ညအခါ၌ သင့်ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသောကြောင့်၊ အဗိဗလကိုမှတ်၍၊ သင်၏ဘုရားသခင်ထာဝရဘုရားအား ပသခါပွဲကိုခံလော့။2 ထာဝရဘုရားသည် နာမတော်ကို တည်စေဖို့ရာ ရွေးကောက်တော်မူသောအရပ်၌ သိုးနွားတို့ကို ယဇ်ပူဇော်၍၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ပသခါပွဲကိုခံရမည်။ 3 သင်သည် အဲဂုတ္တုပြည်မှထွက်လာသောနေ့ရက်ကို တစ်သက်လုံးအောက်မေ့ဖို့ရာ ပသခါပွဲခံစဉ်၊ တဆေးပါသောမုန့်ကို မစားရဘဲ၊ တဆေးမပါသော မုန့်တည်းဟူသော ဒုက္ခမုန့်ကို ခုနစ်ရက်ပတ်လုံးစားရမည်။ အကြောင်းမူကား၊ သင်သည် အဲဂုတ္တုပြည်မှ အလျင်တဆော ထွက်လာသတည်း။ 4 ခုနစ်ရက်ပတ်လုံး၊ သင့်နေရာပြည်၌ တဆေးပါသောမုန့် မရှိရ။ ပထမနေ့ညဉ့်ဦးယံ၌ ပူဇော်သောယဇ်၏အသားကို တစ်ညလုံး နံနက်တိုင်အောင် မကျန်ကြွင်းစေရ။ 5 သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော မြို့အရပ်ရပ်တို့တွင် ပသခါယဇ်ကို ပူဇော်ရသော အခွင့်ရှိသည်မဟုတ်။ 6 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ နာမတော်ကို တည်စေဖို့ရာ ရွေးကောက်တော်မူသော အရပ်တွင်၊ သင်သည် အဲဂုတ္တုပြည်မှ ထွက်လာသောအချိန်၊ နေဝင်ရာညဉ့်ဦးယံအချိန်၌ ပသခါယဇ်ကို ပူဇော်ရမည်။ 7 သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်မှာ မီးနှင့်ကင်၍စားပြီးမှ၊ နံနက်အချိန်၌ အိမ်သို့ပြန်သွားရမည်။ 8 ခြောက်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရမည်။ သတ္တမနေ့၌ သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ ထိုနေ့ရက်၌ အလုပ်မလုပ်ရ။
9 စပါးကိုရိတ်စကာလနောက်၊ အရေအတွက်အားဖြင့် ခုနစ်သီတင်းလွန်မှ၊10 သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်တိုင်မှစ၍ သင်၏ ဘုရားသခင်ထာဝရဘုရား ကောင်းချီးပေးတော်မူသည်အတိုင်း၊ အလိုလိုပြုသောပူဇော်သကာကို ဆောင်ခဲ့ရမည်။ 11 သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမတော်တည်စေဖို့ရာ ရွေးကောက်တော်မူသော အရပ်တွင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ ခုနစ်သီတင်းပွဲကိုခံ၍ သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ သင့်နေရာ၌တည်းခိုသော လေဝိသား၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။ 12 သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကို အောက်မေ့၍၊ ဤပညတ်တရားတို့ကို ကျင့်စောင့်ရမည်။
13 စပါးနှင့် စပျစ်ရည်ကို သိမ်းယူပြီးမှ၊ ခုနစ်ရက်ပတ်လုံး သကေနေပွဲကို ခံရကြမည်။14 ထိုပွဲခံစဉ်၊ ကိုယ်တိုင်မှစ၍၊ သားသမီး၊ ကျွန် ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသောလေဝိသား၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။ 15 ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌၊ ခုနစ်ရက်ပတ်လုံး သင်၏ဘုရားသခင် ထာဝရဘုရားအဖို့၊ ဓမ္မပွဲကိုခံရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ တိုးပွားလေရာရာ၊ သင်လုပ်ဆောင်လေရာရာ၌ ကောင်းချီးပေးတော်မူသောကြောင့်၊ အမှန်ရွှင်လန်းခြင်းကို ပြုရမည်။
16 အဇုမပွဲခံချိန်၊ ခုနစ်သီတင်းပွဲခံချိန်၊ သကေနေပွဲခံချိန်တည်းဟူသော တစ်နှစ်တွင် သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည်၊ သင်၏ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ ရှေ့တော်မှာ မျက်နှာပြရကြမည်။ ထိုအခါ ထာဝရဘုရားထံတော်သို့ အဘယ်သူမျှလက်ချည်း မပေါ်မလာရ။ 17 သင်၏ ဘုရားသခင်ထာဝရဘုရား ကောင်းချီးပေးတော်မူသဖြင့်၊ လူအသီးအသီးတို့သည် တတ်နိုင်သည်အတိုင်း ဆက်ရကြမည်။
18 သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောမြို့ ရှိသမျှတို့တွင်၊ တရားသူကြီး၊ အရာရှိတို့ကို သင့်နေရာခရိုင်များ၌ အနှံ့အပြားခန့်ထားရမည်။ သူတို့သည်၊ လူမျိုးတို့တွင် တရားမှုကို တရားသဖြင့် စီရင်ရကြမည်။ 19 သင်သည် တရားလမ်းမှ မလွှဲရ။ လူမျက်နှာကို မထောက်ရ။ တံစိုးကို မစားရ။ တံစိုးသည် ပညာရှိမျက်စိကို ကွယ်စေတတ်၏။ ဖြောင့်မတ်သောသူ၏စကားကို ကောက်စေတတ်၏။20 သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်ကို သင်သည် အသက်ရှင်၍ အမွေခံမည်အကြောင်း၊ ဖြောင့်သောတရားလမ်းသို့သာ လိုက်ရမည်။ 21 သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ သင်တည်သော ယဇ်ပလ္လင်အနားမှာ အဘယ်သို့သော အာရှရပင်ကိုမျှ မစိုက်ရ။22 သင်၏ ဘုရားသခင်ထာဝရဘုရား မုန်းတော်မူသော ရုပ်တုဆင်းတုကို မတည်မထားရ။