ပထမဦးဆုံးပသခါပွဲတော်
21 ထိုအခါ မောရှေသည်ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ကိုခေါ်၍၊ သင်တို့သည် အိမ်ထောင်များအသီးအသီး ကိုယ်စီကိုယ်စီ သိုးသငယ်တို့ကိုယူ၍ ပသခါပွဲဖို့သတ်ကြလော့။ 22 ဟုဿုပ်ပင်ညွန့်တစ်စည်းကိုယူ၍ အင်တုံ၌ထည့်သော အသွေးထဲမှာနှစ်ပြီးလျှင်၊ တံခါးထုပ်တံခါးတိုင်နှစ်ဖက်တို့ကို ထိုးသုတ်ကြလော့။ ထိုနောက်မှ နံနက်တိုင်အောင် အဘယ်သူမျှ မိမိအိမ်တံခါးပြင်သို့ မထွက်မသွားရ။ 23 အကြောင်းမူကား၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကိုဒဏ်ခတ်ခြင်းငှာ ထုတ်ချင်းခပ်သွားတော်မူမည်။ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်၌ရှိသော အသွေးကိုမြင်သောအခါ၊ ထာဝရဘုရားသည် တံခါးကိုလွန်သွားတော်မူမည်။ ဖျက်ဆီးသောသူသည် သင်တို့ကိုဒဏ်ခတ်ခြင်းငှာ၊ အိမ်ထဲသို့ဝင်ရသောအခွင့်ကို ပေးတော်မမူ။ဟေဗြဲ၊ ၁၁:၂၈။