1 ထိုအခါ ဘုရားသခင်မိန့်တော်မူသော စကားများဟူမူကား၊ 2 ငါသည် သင့်ကို ကျွန်ခံနေရာအဲဂုတ္တုပြည်မှ ကယ်နုတ်ဆောင်ယူခဲ့ပြီးသော သင်၏ ဘုရားသခင်ထာဝရဘုရား ဖြစ်၏။ 3 ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ 4 အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်။5 ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေးစီရင်သောဘုရား၊ 6 ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင်၊ ကရုဏာကိုပြသော ဘုရားဖြစ်၏။7 သင်၏ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသားနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။8 ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကိုအောက်မေ့လော့။9 ခြောက်ရက်ပတ်လုံး အလုပ်မျိုးကိုကြိုးစား၍ လုပ်ဆောင်လော့။10 သတ္တမနေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍သင်၏သားသမီး၊ ကျွန်ယောက်ျား၊ မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ 11 အကြောင်းမူကား၊ ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။12 သင်၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည်အကြောင်း၊ သင်၏မိဘကိုရိုသေစွာပြုလော့။13 လူအသက်ကို မသတ်နှင့်။14 သူ့မယားကို မပြစ်မှားနှင့်။15 သူ့ဥစ္စာကို မခိုးနှင့်။16 ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေကို မခံနှင့်။17 ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ ကျွန်ယောက်ျား၊ မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟု မိန့်တော်မူ၏။
18 လူအပေါင်းတို့သည် မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့်ရွှေ့၍ အဝေး၌ရပ်နေကြ၏။ 19 မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည်သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။20 မောရှေကလည်း၊ မစိုးရိမ်ကြနှင့်။ သင်တို့ကိုစုံစမ်းခြင်းငှာလည်းကောင်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကိုကြောက်စေခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အားပြောဆို၏။ 21 လူများတို့သည်လည်း အဝေး၌ရပ်နေကြ၏။ မောရှေမူကား၊ ဘုရားသခင်ရှိတော်မူရာ ထူထပ်သောမှောင်မိုက်သို့ ချဉ်းကပ်လေ၏။
22 ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့အား ပြန်ပြောရသော စကားဟူမူကား၊ ငါသည် ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက်ကြောင်းကို သင်တို့သည် သိမြင်ကြပြီ။ 23 ငါ့ကိုကိုးကွယ်သောအမှု၌ ကိုယ်သုံးဖို့ ငွေဘုရား၊ ရွှေဘုရားကိုမလုပ်ရ။ 24 ငါ့အဖို့မြေယဇ်ပလ္လင်ကို တည်ရမည်။ ထိုပလ္လင်ပေါ်မှာ သင်၏မီးရှို့သောယဇ်၊ မိတ်သဟာယယဇ် တည်းဟူသော သင်၏သိုးနွားတို့ကို ယဇ်ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့နာမကို ကိုးကွယ်ရာအရပ်ခပ်သိမ်းတို့၌၊ သင့်ဆီသို့ငါကြွလာ၍ ကောင်းချီးပေးမည်။ 25 သင်သည် ကျောက်ယဇ်ပလ္လင်ကို ငါ့အဖို့တည်လျှင်၊ ဆစ်သောကျောက်ကို မတည်ရ။ သံတန်ဆာပါ၍ တည်သောယဇ်ပလ္လင်သည် ညစ်ညူးခြင်းရှိ၏။26 သင်၌ ရှက်စရာအကြောင်း မထင်မပေါ်စေခြင်းငှာ၊ ယဇ်ပလ္လင်ပေါ်သို့ လှေကားဖြင့်မတက်ရဟု မိန့်တော်မူ၏။