1 သင်၏အစ်ကိုအာရုန်သည်၊ ငါ့ရှေ့မှာယဇ်ပုရောဟိတ်အမှုကို ဆောင်ရမည်အကြောင်း၊ သူနှင့် သူ၏သားတည်းဟူသော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ကို၊ ဣသရေလအမျိုးသားတို့အထဲက ရွေးချယ်၍ သင့်အောက်၌ခန့်ထားလော့။ 2 သင်၏အစ်ကိုအာရုန်၌ ဘုန်းအသရေထင်ပေါ်စေခြင်းငှာ၊ သန့်ရှင်းသောအဝတ်ကို လုပ်၍ပေးရမည်။ 3 အာရုန်သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသောအခွင့်ရှိ၍၊ သူ့ကိုသန့်ရှင်းစေခြင်းငှာ၊ ငါပေးသောဉာဏ်ကိုရသော ပညာရှိအပေါင်းတို့သည် ထိုအဝတ်ကိုလုပ်ရမည်အကြောင်း မှာထားရမည်။ 4 လုပ်ရသောအဝတ်ဟူမူကား၊ ရင်ဖုံး၊ သင်တိုင်း၊ ဝတ်လုံ၊ ချယ်လှယ်သောအင်္ကျီ၊ ဗောင်း၊ ခါးပန်းတည်းဟူသော သင်၏အစ်ကိုအာရုန်နှင့် သူ၏သားတို့သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရမည်အကြောင်း၊ သန့်ရှင်းသောအဝတ်ကို လုပ်ခြင်းငှာ၊ 5 ရွှေနှင့် ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ယူရမည်။ 6 ထိုရွှေအစရှိသည်တို့နှင့် သင်တိုင်းကို ထူးဆန်းစွာလုပ်ရမည်။ 7 သိုင်းကြိုးနှစ်ပင်ရှိ၍၊ သင်တိုင်းအပေါ်နားချင်း တွဲမိစေခြင်းငှာ၊ တစ်ဖက်တစ်ချက်ကို ဆွဲချုပ်ရမည်။ 8 သင်တိုင်းအပေါ်နား၌ ထူးဆန်းသောရင်စည်းကိုလည်း၊ သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်လည်းကောင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကိုလည်းကောင်း လုပ်ရမည်။ 9 ရှဟံကျောက်နှစ်လုံးကိုယူ၍၊ ဣသရေလအမျိုးတစ်ဆယ်နှစ်မျိုးကို၊ 10 အသက်အကြီးအငယ်အလိုက်၊ ကျောက်နှစ်လုံးပေါ်မှာ အမျိုးနာမည်ခြောက်ခုစီ အက္ခရာတင်ရမည်။ 11 တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ကျောက်လုပ်သော အလုပ်နှင့်တကွ၊ ဣသရေလအမျိုး၏ နာမည်တို့ကို ထိုကျောက်နှစ်လုံးအပေါ်မှာ အက္ခရာတင်၍ ရွှေကျောက်အိုး၌ ထည့်ရမည်။ 12 ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှာ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးပေါ်မှာ တပ်ရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှာ၊ သူတို့နာမည်များကို အာရုန်သည် ထာဝရဘုရားရှေ့တော်၌ မိမိပခုံးပေါ်မှာ ဆောင်ရမည်။ 13 ကျောက်အိုးတို့ကို ရွှေနှင့် လုပ်ရမည်။ 14 အဆုံး၌တပ်ရသောကြိုးနှစ်ပင်တို့ကို ရွှေစင်နှင့်ကျစ်၍လုပ်ပြီးမှ ကျောက်အိုး၌တွဲရမည်။
15 ရွှေနှင့်လည်းကောင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်လည်းကောင်း၊ သင်တိုင်းကိုလုပ်သည်နည်းတူ၊ ဗျာဒိတ်ရင်ဖုံးကို ထူးဆန်းစွာ လုပ်ရမည်။ 16 နှစ်ထပ်ခေါက်လျက်၊ အလျားတစ်ထွာ၊ အနံတစ်ထွာ၊ စတုရန်းလေးထောင့် ဖြစ်ရမည်။ 17 ထိုရင်ဖုံး၌ ကျောက်မြတ်ကိုလေးတန်းစီရမည်။ ပထမအတန်းကား၊ ကျောက်နီ၊ ဥဿဖရား၊ ပတ္တမြား၊ 18 ဒုတိယအတန်းကား၊ မြ၊ နီလာ၊ စိန်၊ 19 တတိယအတန်းကား၊ ဝှါကိန္သု၊ မဟူရာ၊ ဂေါ်မိတ်။ 20 စတုတ္ထအတန်းကား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌စီရမည်။ 21 ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက်တို့၌၊ ထိုတစ်ဆယ့်နှစ်ပါးသော နာမည်အသီးအသီးတို့ကို တင်လျက်၊ ကျောက်တစ်လုံးလျှင် နာမည်တစ်ပါးစီပါရမည်။ 22-25 ရင်ဖုံးအပေါ်ထောင့်နှစ်ခု၌ ရွှေနှစ်ကွင်းကိုလည်းကောင်း၊ ကျစ်သော ရွှေကြိုးနှစ်ပင်ကိုလည်းကောင်းလုပ်ပြီးမှ၊ ထိုရွှေနှစ်ကွင်း၌တပ်၍၊ သင်တိုင်းသိုင်းကြိုးပေါ်မှာရှိသော ကျောက်အိုးတို့၌တွဲရမည်။ 26 တစ်ဖန်ရွှေနှစ်ကွင်းကိုလုပ်၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက် ထောင့်နှစ်ခု၌တပ်ရမည်။ 27 အခြားသော ရွှေနှစ်ကွင်းကိုလည်းလုပ်၍၊ သင်တိုင်းရှေ့ဘက်အောက်နား၌ ထူးဆန်းသော ရင်စည်းအပေါ်နားဆက်မီရာတွင်၊ သင်တိုင်းကိုယ် တစ်ဖက်တစ်ချက်၌ တပ်ရမည်။ 28 ရင်ဖုံးရွှေနှစ်ကွင်းကို သင်တိုင်းရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေရမည်။ ထိုသို့ရင်ဖုံးကို ထူးဆန်းသောရင်စည်းအပေါ်နားမှာ ဆွဲ၍၊ သင်တိုင်းနှင့်မကွာ အမြဲရှိစေရမည်။ 29 အာရုန်သည်လည်း၊ သန့်ရှင်းရာအရပ် ဌာနတော်ထဲသို့ဝင်သောအခါ၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အစဉ်အောက်မေ့တော်မူစေခြင်းငှာ၊ ဗျာဒိတ်ရင်ဖုံး၌ပါသော သူတို့နာမည်များကို မိမိနှလုံးပေါ်မှာဆောင်ရမည်။ 30 ဗျာဒိတ်ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကိုသွင်းထားရမည်။ အာရုန်သည် ထာဝရဘုရား ရှေ့တော်သို့ဝင်သောအခါ မိမိနှလုံးအပေါ်မှာ ဥရိမ်နှင့် သုမိမ်ပါသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အမှု၌ စီရင်တော်မူချက်ကို ထာဝရဘုရားရှေ့၊ မိမိနှလုံးပေါ်မှာဆောင်ရမည်။
31 သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို၊ ပြာသောအထည်နှင့်သာလုပ်ရမည်။ 32 ဝတ်လုံ၌လည်စွပ်ပါ၍ လည်စွပ်ကို မစုတ်စေခြင်းငှာ၊ သံချပ်လည်စွပ်ကွပ်သကဲ့သို့၊ ရက်သောအထည်နှင့် ကွပ်ရမည်။ 33 ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့်လုပ်သော သလဲသီးများကိုလည်းကောင်း၊ ရွှေဆည်းလည်းများကိုလည်းကောင်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊ 34 သလဲသီးတစ်လုံး၊ ရွှေဆည်းလည်းတစ်လုံးစီခြားလျက်၊ အစဉ်အတိုင်းဆွဲထားရမည်။ 35 အာရုန်သည် အမှုတော်ကိုဆောင်၍၊ သန့်ရှင်းရာအရပ် ဌာနတော်အထဲမှာ၊ ထာဝရဘုရားရှေ့တော်၌ ထွက်ဝင်သောအခါ၊ သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ ထိုဝတ်လုံကိုဝတ်၍ သူ၏အသံကို ကြားရမည်။
36 ရွှေစင်သင်းကျစ်ကိုလည်းလုပ်၍၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအားသန့်ရှင်းခြင်းဟု အက္ခရာတင်၍၊ 37 ပြာသောကြိုးနှင့် ဗောင်းရှေ့၌ချည်ထားရမည်။ 38 အာရုန်သည် ထိုသင်းကျစ်ကို နဖူး၌ဆင်သဖြင့်၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောအလှူဒါနနှင့်ဆိုင်၍၊ သန့်ရှင်းစေသမျှသောအရာတို့၌ ပါသောအပြစ်ကို ဆောင်ရမည်။ သူတို့သည် ထာဝရဘုရား၏စိတ်တော်နှင့် တွေ့ခြင်းငှာ၊ အာရုန်၏နဖူး၌ အစဉ်ဆင်ရမည်။ 39 ပိတ်ချောအင်္ကျီကိုလည်းလုပ်၍ ချယ်လှယ်ရမည်။ ဗောင်းကိုလည်း ပိတ်ချောနှင့်လုပ်ရမည်။ ခါးပန်းကိုလည်း ချယ်လှယ်သောအလုပ်နှင့် ပြီးစေရမည်။
40 အာရုန်၏သားတို့ ဘုန်းအသရေကိုထင်ပေါ်စေခြင်းငှာ၊ အင်္ကျီ၊ ခါးပန်း၊ ဦးထုပ်များကိုလုပ်ပေးရမည်။ 41 ထိုသို့ သင်၏အစ်ကိုအာရုန်နှင့် သူ၏သားတို့ကိုဝတ်ဆင်စေပြီးမှ၊ သူတို့သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကို ဆီနှင့်လိမ်းသဖြင့် အရာ၌ခန့်ထား၍ သန့်ရှင်းစေရမည်။ 42 သူတို့၌ရှက်စရာအကြောင်း၊ မထင်မပေါ်စေခြင်းငှာ၊ ခါးမှပေါင်သို့အထိ ပိတ်ဘောင်းဘီကို ချုပ်၍ပေးရမည်။ 43 အာရုန်နှင့် သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာတဲတော်ထဲသို့ ဝင်သော်လည်းကောင်း၊ သန့်ရှင်းရာအရပ်ဌာန၌ ယဇ်ပလ္လင်အနားသို့ ချည်းကပ်သော်လည်းကောင်း၊ အပြစ်ရောက်၍မသေစေခြင်းငှာ ထိုသို့ဝတ်ရမည်။ အာရုန်မှစ၍ သူ၏အမျိုးအစဉ်အဆက်တို့သည် စောင့်ရသောပညတ်တော်ဖြစ်သတည်း။