5 ဖာရောဘုရင်၏သမီးတော်သည် ရေချိုးခြင်းငှာဆင်းလာ၍၊ ကျွန်မတို့နှင့် မြစ်ကမ်းနား၌လှည့်လည်စဉ်၊ ကိုင်းတော၌ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှာ ကျွန်မ တစ်ယောက်ကိုစေလွှတ်လေ၏။ 6 ပုခက်ဖုံးကိုဖွင့်သောအခါ၊ ငိုလျက်နေသောသူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟုဆိုပြီးသော်၊ 7 သူငယ်၏အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကိုထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ခေါ်ရပါမည်လောဟု ဖာရောဘုရင်၏သမီးတော်အား မေးလျှောက်၍၊ 8 မင်းသမီးကသွားလော့ဟု အခွင့်ပေးလျှင်၊ မိန်းမငယ်သွား၍ သူငယ်၏အမိကိုခေါ်လေ၏။
9 ဖာရောဘုရင်၏သမီးတော်က၊ ဤသူငယ်ကိုယူသွား၍ ငါ့ဖို့ထိန်းလော။ အခကို ငါပေးမည်ဟုမှာထားသည်အတိုင်း၊ ထိုမိန်းမသည် သူငယ်ကိုယူသွား၍ ထိန်းလေ၏။