10 အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာ၊ ဇောက်တစ်တောင်ထွာရှိသော သေတ္တာကို၊ အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့်မွမ်းမံရမည်။ 11 သေတ္တာအပေါ်နားပတ်လည်၌ ကွပ်သောရွှေတန်ဆာကိုလည်း လုပ်ရမည်။ 12 ရွှေလေးကွင်းကိုသွန်း၍၊ သေတ္တာလေးထောင့်၌ တစ်မျက်နှာနှစ်ကွင်းစီ တပ်ရမည်။ 13 အကာရှသားထမ်းပိုးကိုလုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊ 14 သေတ္တာထမ်းစရာဖို့တစ်ဖက်တစ်ချက် ရွှေကွင်းထဲသို့ လျှိုထားရမည်။ 15 ထိုထမ်းပိုးကိုလည်း သေတ္တာရွှေကွင်းထဲကမနုတ်၊ အစဉ်ရှိစေရမည်။ 16 ငါပေးသောသက်သေခံချက်ကို၊ ထိုသေတ္တာထဲမှာထားရမည်။
17 အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည်။ဟေဗြဲ၊၉:၅။18 ရွှေခေရုဗိမ်နှစ်ပါးကိုလည်း သေတ္တာအဖုံးတွင် အလျားတစ်ဖက်တစ်ချက်၌ ထုလုပ်ရမည်။ 19 ထိုခေရုဗိမ်နှစ်ပါးကို သေတ္တာဖုံးကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တစ်ဖက်တစ်ပါးစီလုပ်ပြီးလျှင်၊ 20 ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကိုရှုလျက်၊ မိမိအတောင်ကိုဖြန့်၍ သေတ္တာဖုံးကိုမိုးရမည်။ 21 သေတ္တာအဖုံးကို သေတ္တာပေါ်မှာတင်ရမည်။ ငါပေးသော သက်သေခံချက်ကိုလည်း သေတ္တာထဲမှာထားရမည်။