1 ဗျာဒိတ်ရူပါရုံချိုင့်နှင့် ဆိုင်သောဗျာဒိတ်တော်ကား၊ သင့်တစ်မြို့လုံးသည် အိမ်မိုးပေါ်သို့တက်ရမည်အကြောင်း၊ အဘယ်အမှု ရောက်သနည်း။ 2 အထက်က အသံဗလံများ၍ အုတ်အုတ်ကျက်ကျက် ပြုတတ်သောမြို့၊ ရွှင်လန်းသောမြို့၊ သင်၏လူသေတို့သည် ဓားလက်နက်ကြောင့် ဆုံးကြသည်မဟုတ်။ စစ်တိုက်ရာမှာ သေကြသည်မဟုတ်။ 3 သင်၏မင်းအပေါင်းတို့သည် အတူပြေးကြ၏။ လေးသမားတို့လက်၌ ချည်နှောင်လျက် ရှိကြ၏။ တွေ့သမျှသော သင်၏လူတို့သည် အဝေးသို့ပြေးသော်လည်း၊ အတူချည်နှောင်လျက် ရှိကြ၏။ 4 ထိုကြောင့် ငါဆိုသည်ကား၊ ငါ့ကိုမကြည့်ပါနှင့်။ ပြင်းစွာ ငိုရမည်။ ငါ့အမျိုးသတို့သမီးပျက်စီးသည်ဖြစ်၍၊ ငါ့စိတ်ပြေစေခြင်းငှာ မကြိုးစားပါနှင့်။ 5 ကောင်းကင် ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည်၊ ဗျာဒိတ်ရူပါရုံချိုင့်တွင် စီရင်တော်မူသဖြင့်၊ ဒုက္ခခံရာကာလ၊ နှိပ်စက်နှောင့်ယှက်ရာကာလ၊ မြို့ရိုးကိုဖြို၍ တောင်တို့ကို အော်ဟစ်ရာကာလသည် ရောက်လေပြီ။ 6 ဧလံအမျိုးသည် မြားတောင့်ကို ဆောင်လျက်၊ ရထားစီးသူရဲ၊ မြင်းစီးသူရဲတို့နှင့်တကွ လာ၏။ ကိရအမျိုးသည် ဒိုင်းလွှားကို ထုတ်လေ၏။ 7 သင်၏အမြတ်ဆုံးသော ချိုင့်တို့သည် ရထားနှင့်ပြည့်ကြ၏။ မြင်းစီးသူရဲတို့သည် မြို့တံခါးရှေ့မှာ တပ်ချကြ၏။ 8 ယုဒပြည်ကို ဖွင့်လှစ်သည် ဖြစ်၍၊ သင်သည် ထိုအခါ လက်နက်စုံသိုထားရာ၊ တောနန်းတော်သို့ ကြည့်ရှုလိမ့်မည်။ 9 ဒါဝိဒ်၏မြို့ အပြိုအပျက်များသည်ကို သင်၏လူတို့သည် မှတ်ရကြလိမ့်မည်။ အောက်ရေကန်မှ ထွက်သောရေကို စုဝေးစေကြလိမ့်မည်။ 10 ယေရုရှလင်မြို့၌ရှိသော အိမ်များကို ရေတွက်ကြလိမ့်မည်။ မြို့ရိုးကိုပြုပြင်လိုသောငှာ၊ အိမ်များကို ဖြိုဖျက်ကြလိမ့်မည်။ 11 ရေကန်ဟောင်းမှ ထွက်သောရေ စုဝေးရာကိုလည်း၊ မြို့ရိုးနှစ်ထပ်စပ်ကြားတွင် လုပ်ကြလိမ့်မည်။ သို့ရာတွင်၊ ဤအမှုကို စီရင်တော်မူသောသူကို သင်တို့သည် မကြည့်မမှတ်တတ်ကြ။ ရှေးကဖန်ဆင်းတော်မူသောသူကို ပမာဏမပြုတတ်ကြ။ 12 ထိုကာလ၌ ငိုကြွေးမြည်တမ်းခြင်း၊ ဆံပင်ကို ပယ်ဖြတ်ခြင်း၊ လျှော်တေအဝတ်ကို ဝတ်စည်းခြင်းအလိုငှာ၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် နှိုးဆော်တိုက်တွန်းတော်မူသော်လည်း၊ 13 ကြည့်ပါ။ ဝမ်းမြောက် ရွှင်လန်းခြင်းအမှု၊ သိုးနွားများကို သတ်ခြင်း၊ အမဲသားစားခြင်း၊ စပျစ်ရည်သောက်ခြင်းအမှုကို ပြုလျက်၊ ငါတို့သည် စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်ဟု ပြောဆိုကြသည်တကား။14 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့နား၌ ဗျာဒိတ်ပေးတော်မူသည်ကား၊ အကယ်စင်စစ် သင်တို့အပြစ်သည် သင်တို့ မသေမချင်းတိုင်အောင် မပြေမရှင်းရဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။
15 ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘဏ္ဍာတော်စိုး၊ နန်းတော်အုပ် ရှေဗနအိမ်သို့ သွားပြီးလျှင်၊ 16 မြင့်သောအရပ်၌ ကိုယ်သင်္ချိုင်းတွင်းကို ထွင်း၍၊ ကိုယ်နေရာကို ကျောက်၌ထုလုပ်သောသူ၊ သင်သည် ဤအရပ်၌ သင်္ချိုင်းတွင်းကို ကိုယ်အဖို့ထွင်းစေခြင်းငှာ၊ ဤအရပ်နှင့် အဘယ်သို့ဆိုင်သနည်း။ ဤအရပ်သားတို့တွင် အဘယ်သူနှင့် ဆိုင်သနည်း။ 17 ထာဝရဘုရားသည် ပြင်းစွာသောနှင်ထုတ်ခြင်းဖြင့် သင့်ကို နှင်ထုတ်တော်မူလိမ့်မည်။ သင့်ကို အမှန်ကိုင်ဖမ်း၍၊ 18 တလိမ့်လိမ့် လှိမ့်လျက်၊ လောက်လွှဲစာကဲ့သို့ ကျယ်သောပြည်သို့ ပစ်လိုက်တော်မူလိမ့်မည်။ သင်သည် ထိုပြည်၌ သေရလိမ့်မည်။ ထိုပြည်၌လည်း သင်၏ ကျက်သရေရထားတို့သည်၊ သင့်အရှင်၏အမျိုး အရှက်ကွဲစရာဖြစ်ရကြလိမ့်မည်။ 19 ငါသည်လည်း သင်၏အရာကိုနုတ်မည်။ သင်၏နေရာမှသင့်ကိုချမည်။ 20 ထိုကာလ၌ ငါ့ကျွန်၊ ဟိလခိ၏သားဧလျာကိမ်ကို ငါခေါ်၍၊ 21 သင်၏ဝတ်လုံနှင့် ဝတ်ဆင်စေမည်။ သင်၏ခါးစည်းနှင့် ချီးမြှောက်၍၊ သင်၏အစိုးရသောအခွင့်ကို အပ်ပြီးလျှင်၊ သူသည် ယေရုရှလင်မြို့သူ၊ ယုဒအမျိုးသားတို့၏အဘဖြစ်လိမ့်မည်။ 22 ဒါဝိဒ်မင်းမျိုး၏တံခါးသော့ကို သူ၏ပခုံးပေါ်မှာ ငါတင်ထားသဖြင့်၊ သူသည် အဘယ်သူမျှမပိတ်နိုင်အောင်ဖွင့်လိမ့်မည်။ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်လိမ့်မည်။23 မြဲသောအရပ်၌ စွဲသောတံစို့ကဲ့သို့ သူ့ကိုငါစွဲစေမည်။ သူသည် မိမိအဘ၏အိမ်၌ ကျက်သရေပလ္လင်ဖြစ်လိမ့်မည်။ 24 သူ၏အဘအိမ်၌ ရှိသမျှသောဘုန်းအသရေ၊ အမျိုးအနွယ်၊ အမြတ်အယုတ်၊ ခွက်ဖလားရှိသမျှ၊ အင်တုံ၊ အိုးအမျိုးမျိုးတို့ကို သူ၌ ဆွဲထားကြလိမ့်မည်။ 25 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလတွင် မြဲသောအရပ်၌ အရင်စွဲသောတံစို့သည် နေရာမှရွှေ့၍၊ ခုတ်လှဲခြင်းကို ခံရလိမ့်မည်။ သူ၌ဆွဲထားသောဥစ္စာသည်လည်း၊ ခုတ်ပယ်ခြင်းကို ခံရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။