Publicidade

Isaías 32

တ​ရားသောရှင်​ဘု​ရင်

1 ကြည့်​ရှု​လော့။ တ​ရား​သ​ဖြင့်​အုပ်​စိုး​သော ရှင်​ဘု​ရင်​တစ်​ပါး ပေါ်​ထွန်း​တော်​မူ​လိမ့်​မည်။ မင်း​သား​မှူး​မတ်​တို့​သည် တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လိမ့်​မည်။ 2 ထို​မင်း​တို့​သည် လေ​လုံ၍ မိုး​သက်​မုန်​တိုင်း ကွယ်​ရာ​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း၊ သွေ့​ခြောက်​သော​မြေ၌ စီး​သော ချောင်း​ကဲ့​သို့​လည်း​ကောင်း၊ နေ​ပူ​သော​အ​ရပ်၌ ကျောက်​လုံး​ကြီး အ​ရိပ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။ 3 မျက်​စိ​မြင်​သော​သူ​တို့​သည် ရှင်း​လင်း​စွာ မြင်​ကြ​လိမ့်​မည်။ နား​ကြား​သော​သူ​တို့​လည်း နား​ထောင်​ကြ​လိမ့်​မည်။ 4 သ​တိ​မ​ရှိ​သော​သူ၏ စိတ်​နှ​လုံး​သည် ဆင်​ခြင်၍ ပ​ညာ​ရှိ​လိမ့်​မည်။ စ​ကား​အ​သော​သူ၏​လျှာ​သည်​လည်း စ​ကား​ပြီ​အောင် ပြော​တတ်​လိမ့်​မည်။ 5 ယုတ်​သော​သူ​ကို နောက်​တစ်​ဖန်​အ​မြတ်​ဟူ၍​လည်း​ကောင်း၊ စေး​နှဲ​သော​သူ​ကို​လည်း နောက်​တစ်​ဖန် စွန့်​ကြဲ​တတ်​သော​သူ ဟူ၍​လည်း​ကောင်း မ​ခေါ်​ရ။ 6 အ​ကြောင်း​မူ​ကား၊ ယုတ်​သော​သူ​သည် လျှို့​ဝှက်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို နှုတ်​ဖြင့်​ပြစ်​မှား​လျက်၊ မွတ်​သိပ်​သော​သူ​ကို သာ၍ ဆင်း​ရဲ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရေ​ငတ်​သော​သူ​ကို ရေ​မ​သောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ယုတ်​သော​စ​ကား​ကို ပြော၍ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​လေ​ဦး​မည်။ 7 စေး​နှဲ​သော​သူ သုံး​ဆောင်​ရာ​တန်​ဆာ​သည်​လည်း ဆိုး​လှ၏။ ဆင်း​ရဲ​ငတ်​မွတ်​သော​သူ၏ အ​မှု​သည်​မှန်​သော်​လည်း၊ ထို​သို့​သော​သူ​ကို မု​သား​စ​ကား​အား​ဖြင့် ဖျက်​ဆီး​ခြင်း​ငှာ၊ မ​ကောင်း​သော​အ​ကြံ​ကို​သာ ကြံ​တတ်၏။ 8 စေ​တ​နာ​ရှိ​သော​သူ​မူ​ကား၊ စေ​တ​နာ​နှင့်​ဆိုင်​သော အ​ကြံ​တို့​ကို ကြံ​စည်​တတ်၏။ စေ​တ​နာ​နှင့်​ဆိုင်​သော အ​ရာများ​အား​ဖြင့် တည်​ရ​လိမ့်​မည်။

သ​တိ​မ​ရှိ​သော​သ​တို့​သ​မီး​တို့

9 ငြိမ်​သက်​စွာ​နေ​သော မိန်း​မ​တို့​ထ​ကြ။ ငါ​ပြော​သံ​ကို ကြား​ကြ​လော့။ သ​တိ​မ​ရှိ​သော သ​တို့​သ​မီး​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ 10 သ​တိ​မ​ရှိ​သော​မိန်း​မ​တို့၊ သင်​တို့​သည် တစ်​နှစ်​လွန်​မှ ပူ​ပန်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ စ​ပျစ်​သီး​ကို သိမ်း​ခြင်း​အ​မှု​ပြတ်​လိမ့်​မည်။ စ​ပါး​အ​သီး​အ​နှံ​ကို သိမ်း​ရာ​ကာ​လ​မ​ရောက်​ရ။ 11 ငြိမ်​သက်​စွာ​နေ​သော မိန်း​မ​တို့၊ တုန်​လှုပ်​ကြ​လော့။ သ​တိ​မ​ရှိ​သော​သူ​တို့၊ ပူ​ပန်​ခြင်း​ရှိ​ကြ​လော့။ အ​ဝတ်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ပယ်​ချွတ်​ပြီး​မှ၊ ခါး၌ လျှော်​တေ​အ​ဝတ်​ကို စည်း​ကြ​လော့။ 12 ရင်​ပတ်​ကို​ခတ်​ခြင်း၊ သာ​ယာ​သော​လယ်​ယာ​နှင့် အ​သီး​များ​သော စ​ပျစ်​နွယ်​ပင်​အ​တွက် ညည်း​တွား​ခြင်း ရှိ​လိမ့်​မည်။ 13 ငါ့​လူ​တို့၏ မြေ​ကို​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​အိမ်​နှင့် ရွှင်​လန်း​သော မြို့​ကို​လည်း​ကောင်း၊ ဆူး​ပင်​အ​မျိုး​မျိုး​တို့​သည် တက်၍ လွှမ်း​မိုး​ကြ​လိမ့်​မည်။ 14 ဘုံ​ဗိ​မာန်​တို့​ကို စွန့်​ပစ်၍ မြို့၏​အ​သံ​ဗ​လံ ငြိမ်း​လိမ့်​မည်။ ဩ​ဖေ​လ​ကုန်း​နှင့် ရဲ​တိုက်​တို့​သည် အ​စဉ် မြေ​တွင်း​နှင့်​ပြည်​စုံ၍၊ ရိုင်း​သော​မြည်း ပျော်​မွေ့​ရာ၊ သိုး​စု​ကျက်​စား​ရာ ဖြစ်​ကြ​လိမ့်​မည်။ 15 ဝိ​ညာဉ်​တော်​သည် ကောင်း​ကင်​မှ ငါ​တို့​အ​ပေါ်​သို့​သွန်း​လောင်း၍၊ တော​သည် အ​သီး​အ​နှံ​များ​သော လယ်​ဖြစ်၍၊ အ​သီး​အ​နှံ​များ​သော​လယ်​သည် တော​အုပ်​ကဲ့​သို့ မှတ်​ရ​သော​ကာ​လ မ​ရောက်​မီ​တိုင်​အောင်၊ ထို​သို့ ဖြစ်​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ငြိမ်​သက်​ခြင်း

16 ထို​အ​ခါ တော၌​ကား၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​တည်၍၊ အ​သီး​အ​နှံ​များ​သော လယ်၌​ကား၊ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် အ​မြဲ​နေ​ရ​လိမ့်​မည်။ 17 ဖြောင့်​မတ်​ခြင်း တ​ရား​သည်​လည်း၊ ငြိမ်​သက်​ခြင်း​ကို ပြု​စု​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​အ​ကျိုး​မူ​ကား၊ ထာ​ဝ​ရ ငြိမ်​သက်​ခြင်း​နှင့် လုံ​ခြုံ​ခြင်း​တည်း။ 18 ငါ၏​လူ​တို့​သည်​လည်း၊ ငြိမ်​သက်​သော​နေ​ရာ၊ လုံ​ခြုံ​သော​မြို့​ရွာ၊ ဘေး​လွတ်​သော ချမ်း​သာ​ရာ​အ​ရပ်​တို့၌ နေ​ရ​ကြ​လိမ့်​မည်။ 19 သို့​ရာ​တွင်၊ မိုး​သီး​ကျ​သ​ဖြင့် တော​အုပ်​ကို​လှဲ၍၊ မြို့​ကို​လည်း မြေ​နှင့် တ​ညီ​တည်း ဖြို​ဖျက်​လိမ့်​မည်။ 20 ရေ​ရှိ​ရာ​အ​ရပ်​ရပ်​တို့၌ မျိုး​စေ့​ကို​ကြဲ၍၊ နွား​ခြေ​နှင့် မြည်း​ခြေ​တို့​ကို လွှတ်​တတ်​သော သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-