1 ငါတို့ဟောပြောသော သတင်းစကားကို အဘယ်သူ ယုံသနည်း။ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူသနည်း။2 ထာဝရဘုရား၏ကျွန်သည် အညွန့်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌ ပေါက်သောအတက်ကဲ့သို့လည်းကောင်း၊ ရှေ့တော်၌ ကြီးပွား၏။ ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ။ ချစ်လိုဖွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ။ 3 မထီမဲ့မြင်ပြုခြင်းကိုခံ၍၊ လူတို့တွင်အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူ ဖြစ်၏။ သူတစ်ပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကိုခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။ 4 သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကိုလည်းကောင်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကိုလည်းကောင်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။5 ထိုသူသည် ငါတို့လွန်ကျူးခြင်း အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။6 ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏။7 ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှာ ဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကိုဆောင်သွား၍၊ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲ နေ၏။8 မတရားစွာ စီရင်ခြင်းအားဖြင့် သူ့ကိုထုတ်သွားကြ၏။ အသက်ရှင်သော သူတို့၏နေရာမှ သူ့ကို သုတ်သင်ပယ်ရှင်းသည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူ ပြညွှန်မည်နည်း။ ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကို ခံလေ၏။9 ပြစ်မှားခြင်းကို မပြု။ သူ၏နှုတ်၌ မုသားမရှိသော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြုပ်ခြင်းငှာ စီရင်ကြ၏။ သို့ရာတွင် သေပြီးမှ သူဌေး၌ရှိ၏။
10 ထာဝရဘုရားသည် သူ့ကိုနှိပ်စက်ခြင်းငှာ အလိုတော်ရှိ၍ နာစေတော်မူ၏။ သူသည် အပြစ်ဖြေသောယဇ်ကို ပူဇော်ပြီးမှ၊ အမျိုးအနွယ်တော်ကို မြင်ရလိမ့်မည်။ အသက်တော်လည်းရှည်လိမ့်မည်။ ထာဝရဘုရား၏အကြံတော်သည်လည်း သူ၏လက်၌ ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။ 11 မိမိစိတ်ဝိညာဉ်ခံရသော ဝေဒနာ၏အကျိုးကို မိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့်မတ်သော ငါ၏ကျွန်ကိုသိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသောသူတို့ကို ဖြောင့်မတ်ရာ၌ တည်စေလိမ့်မည်။ သူတို့၏အပြစ်ကို ကိုယ်တိုင်ဆောင်ရွက်ရ၏။ 12 ထိုသို့ မိမိအသက်ကို သေခြင်း၌သွန်း၍၊ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်သဖြင့်၊ လူများတို့၏အပြစ်ကို ဆောင်ရွက်၍၊ မတရားသောသူတို့အဖို့ တောင်းပန်သောကြောင့်၊ လူကြီးတို့ကို သူ၏အဖို့ဖြစ်စေခြင်းငှာ ငါခွဲမည်။ အစွမ်းသတ္တိရှိသော သူတို့ကို သူ၏လက်ရဥစ္စာကဲ့သို့၊ ကိုယ်တိုင် ဝေဖန်ရသောအခွင့် ရှိလိမ့်မည်။