14 လူများတို့သည် ယော်ဒန်မြစ်ကိုကူးအံ့သောငှာ၊ တဲတို့မှပြောင်း၍ ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည် လူများရှေ့မှာသွားလျက်၊ 15 ယော်ဒန်မြစ်နားသို့ရောက်၍ ခြေဖဝါးတို့သည် လျှံသောရေကိုနင်းသောအခါ၊ စပါးရိတ်ရာကာလ၌ ထိုမြစ်ရေသည် ကမ်းတစ်လျှောက်လုံးကို လျှံလေ့ရှိသော်လည်း၊ 16 မြစ်ညာက စီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင်အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့ စီးသွားသောရေသည်လည်း အကုန်အစင်ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။ 17 လူများအပေါင်းတို့သည် ယော်ဒန်မြစ်တစ်ဖက်သို့ မရောက်မီတိုင်အောင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ မြစ်အလယ်တွင် မြေပေါ်၌မြဲမြံစွာနင်း၍၊ ဣသရေလအမျိုးသားအပေါင်းတို့သည် မြေပေါ်၌လျှောက်သွားရကြ၏။
Publicidade