1 ထိုအခါ ဣသရေလအမျိုးသားတို့ကြောင့်၊ ယေရိခေါမြို့သည် ကျပ်တည်းစွာပိတ်ထားလျက်ရှိ၍၊ ထွက်သောသူ၊ ဝင်သောသူ တစ်စုံတစ်ယောက်မျှ မရှိသည်နှင့်အညီ၊ 2 ထာဝရဘုရားက၊ ကြည့်ရှုလော့။ ယေရိခေါမြို့၊ ယေရိခေါမင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ်သူရဲတို့ကို သင့်လက်၌ ငါအပ်လေပြီ။ 3 သို့ဖြစ်၍ မြို့ကိုလှည့်ပတ်ရကြမည်။ ဣသရေလ စစ်သူရဲအပေါင်းတို့သည် ခြောက်ရက်ပတ်လုံး လှည့်ပတ်ခြင်းအမှုကို ပြုရကြမည်။ 4 ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် သေတ္တာတော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကို ဆောင်ရကြမည်။ သတ္တမနေ့ရက်၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ်၍ ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုမှုတ်ရကြမည်။ 5 ယုဘိလတံပိုးတို့ကို ရှည်သောအသံနှင့် မှုတ်၍၊ တံပိုးသံကိုကြားလျှင် လူအပေါင်းတို့သည် ကျယ်သောအသံနှင့် ကြွေးကြော်၍၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲရလိမ့်မည်။ ထိုအခါ လူများတို့သည် တည့်တည့်တက်ရကြမည်ဟု ယောရှုအား မိန့်တော်မူ၏။
6 နုန်၏သားယောရှုသည် ယဇ်ပုရောဟိတ်တို့ကိုခေါ်၍၊ သင်တို့သည် ပဋိညာဉ်သေတ္တာတော်ကိုထမ်းသွားသဖြင့်၊ ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ ခုနစ်ယောက်တို့သည် ယုဘိလတံပိုးခုနစ်လုံးကို ဆောင်သွားကြလော့ဟူ၍လည်းကောင်း၊ 7 လူများတို့အားလည်း၊ သင်တို့သွား၍ မြို့ကိုလှည့်ပတ်ကြလော့။ လက်နက်ကိုင်တို့သည် ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ သွားကြလော့ဟူ၍လည်းကောင်း မှာထားလေ၏။