1 တစ်ဖန် ဒါဝိဒ်သည် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်အစရှိသော အကြီးအကဲအပေါင်းတို့နှင့် တိုင်ပင်ပြီးလျှင်၊ 2 ဣသရေလ အမျိုးပရိသတ်အပေါင်းတို့အား၊ သင်တို့သည် အလိုရှိ၍ ငါတို့၏ဘုရားသခင် ထာဝရဘုရားအခွင့်ပေးတော်မူလျှင်၊ ဣသရေလ နိုင်ငံအရပ်ရပ်၌ ကျန်ကြွင်းသေးသော ငါတို့ညီအစ်ကိုများ၊ မြို့နှင့် မြို့နယ်၌နေသော ယဇ်ပုရောဟိတ်၊ လေဝိသားများတို့သည် ငါတို့နှင့်အတူ စည်းဝေးစေခြင်းငှာ အနှံ့အပြားစေလွှတ်ကြကုန်အံ့။ 3 ငါတို့၏ ဘုရားသခင်သေတ္တာတော်ကို တစ်ဖန် ဆောင်ခဲ့ကြကုန်အံ့။ ရှောလုလက်ထက်၌ ထိုသေတ္တာတော်ရှေ့မှာ မေးမြန်းလေ့မရှိပါတကားဟု မိန့်တော်မူသောစကားကို၊ 4 စည်းဝေးသော ပရိသတ်အပေါင်းတို့သည် နှစ်သက်သောကြောင့်၊ အမိန့်တော်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ၏။ 5 ထိုသို့ဒါဝိဒ်သည် ဘုရားသခင်၏ သေတ္တာတော်ကို၊ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့ခြင်းငှာ အဲဂုတ္တုပြည်အနား၊ ရှိဟောရမြစ်မှစ၍ ဟာမတ်မြို့လမ်းဝတိုင်အောင်နေသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊6 ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရား၏ နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှာ၊ ဣသရေလအမျိုးသား အပေါင်းတို့နှင့်တကွ၊ ယုဒပြည် ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာမြို့သို့ သွားလေ၏။7 ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ်ပေါ်မှာတင်၍ အဘိနဒပ်အိမ်ထဲက ထုတ်ကြ၏။ ဩဇနှင့် အဟိဩသည် လှည်းကိုနှင်ကြ၏။ 8 ဒါဝိဒ်နှင့် ဣသရေလ အမျိုးသားအပေါင်းတို့သည် သီချင်းဆိုလျက် စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်း၊ တံပိုးတို့ကိုကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။ 9 ခိဒုန် ကောက်နယ်တလင်းသို့ ရောက်သောအခါ၊ နွားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှားသောကြောင့်၊ ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော်ကို ကိုင်၏။ 10 ထိုသို့ သေတ္တာတော်ကို ကိုင်သောကြောင့်၊ ထာဝရဘုရားသည် ဩဇကို အမျက်ထွက်၍၊ ဒဏ်ခတ်တော်မူသဖြင့်၊ ဩဇသည် ဘုရားသခင်ရှေ့တော်၌ သေလေ၏။ 11 ဩဇကို ထာဝရဘုရားဒဏ်ခတ်တော်မူသောကြောင့် ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ၏။ ထိုအရပ်သည် ယနေ့တိုင်အောင် ပေရဇောဇအမည်ဖြင့် တွင်သတည်း။ 12 ထိုနေ့၌ဒါဝိဒ်သည် ဘုရားသခင်ကိုကြောက်၍၊ ဘုရားသခင်၏သေတ္တာတော်ကို အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့ရမည်နည်းဟု ဆိုလျက်၊ 13 မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကိုမဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လွှဲ၍ ဆောင်သွားလေ၏။ 14 ဘုရားသခင်၏ သေတ္တာတော်သည် သုံးလပတ်လုံး၊ ဩဗဒေဒုံအိမ်တွင် အိမ်သူအိမ်သားများဆီမှာ ရှိ၏။ ထာဝရဘုရားသည် ဩဗဒေဒုံနှင့် အိမ်သူအိမ်သားအပေါင်းတို့ကို ကောင်းချီးပေးတော်မူ၏။
Publicidade
1 Crônicas 13
ပဋိညာဉ်သေတ္တာကိုပြောင်းရွှေ့ခြင်း
Veja também
Publicidade