7 သို့ဖြစ်၍ ငါ၏ကျွန်မောရှေမှာထားသော တရားအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းငှာ အားယူ၍ အလွန်ရဲရင့်ခြင်းရှိလော့။ ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲနှင့်။ 8 ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှာ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ၊ နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည်အကြံထမြောက်၍ အောင်မြင်လိမ့်မည်။ 9 သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။
Publicidade