1 הֶן־כֹּ֭ל רָאֲתָ֣ה עֵינִ֑י שָֽׁמְעָ֥ה אָ֝זְנִ֗י וַתָּ֥בֶן לָֽהּ׃ 2 כְּֽ֭דַעְתְּכֶם יָדַ֣עְתִּי גַם־אָ֑נִי לֹא־נֹפֵ֖ל אָנֹכִ֣י מִכֶּֽם׃ 3 אוּלָ֗ם אֲ֭נִי אֶל־שַׁדַּ֣י אֲדַבֵּ֑ר וְהוֹכֵ֖חַ אֶל־אֵ֣ל אֶחְפָּֽץ׃ 4 וְֽאוּלָ֗ם אַתֶּ֥ם טֹֽפְלֵי־שָׁ֑קֶר רֹפְאֵ֖י אֱלִ֣ל כֻּלְּכֶֽם׃ 5 מִֽי־יִ֭תֵּן הַחֲרֵ֣שׁ תַּחֲרִישׁ֑וּן וּתְהִ֖י לָכֶ֣ם לְחָכְמָֽה׃ 6 שִׁמְעוּ־נָ֥א תוֹכַחְתִּ֑י וְרִב֖וֹת שְׂפָתַ֣י הַקְשִֽׁיבוּ׃ 7 הַ֭לְאֵל תְּדַבְּר֣וּ עַוְלָ֑ה וְ֝ל֗וֹ תְּֽדַבְּר֥וּ רְמִיָּֽה׃ 8 הֲפָנָ֥יו תִּשָּׂא֑וּן אִם־לָאֵ֥ל תְּרִיבֽוּן׃ 9 הֲ֭טוֹב כִּֽי־יַחְקֹ֣ר אֶתְכֶ֑ם אִם־כְּהָתֵ֥ל בֶּ֝אֱנ֗וֹשׁ תְּהָתֵ֥לּוּ בֽוֹ׃ 10 הוֹכֵ֣חַ יוֹכִ֣יחַ אֶתְכֶ֑ם אִם־בַּ֝סֵּ֗תֶר פָּנִ֥ים תִּשָּׂאֽוּן׃ 11 הֲלֹ֣א שְׂ֭אֵתוֹ תְּבַעֵ֣ת אֶתְכֶ֑ם וּ֝פַחְדּ֗וֹ יִפֹּ֥ל עֲלֵיכֶֽם׃ 12 זִֽ֭כְרֹנֵיכֶם מִשְׁלֵי־אֵ֑פֶר לְגַבֵּי־חֹ֝֗מֶר גַּבֵּיכֶֽם׃ 13 הַחֲרִ֣ישׁוּ מִ֭מֶּנִּי וַאֲדַבְּרָה־אָ֑נִי וְיַעֲבֹ֖ר עָלַ֣י מָֽה׃ 14 עַל־מָ֤ה ׀ אֶשָּׂ֣א בְשָׂרִ֣י בְשִׁנָּ֑י וְ֝נַפְשִׁ֗י אָשִׂ֥ים בְּכַפִּֽי׃ 15 הֵ֣ן יִ֭קְטְלֵנִי לא אֲיַחֵ֑ל אַךְ־דְּ֝רָכַ֗י אֶל־פָּנָ֥יו אוֹכִֽיחַ׃ 16 גַּם־הוּא־לִ֥י לִֽישׁוּעָ֑ה כִּי־לֹ֥א לְ֝פָנָ֗יו חָנֵ֥ף יָבֽוֹא׃ 17 שִׁמְע֣וּ שָׁ֭מוֹעַ מִלָּתִ֑י וְ֝אַֽחֲוָתִ֗י בְּאָזְנֵיכֶֽם׃ 18 הִנֵּה־נָ֭א עָרַ֣כְתִּי מִשְׁפָּ֑ט יָ֝דַ֗עְתִּי כִּֽי־אֲנִ֥י אֶצְדָּֽק׃ 19 מִי־ה֭וּא יָרִ֣יב עִמָּדִ֑י כִּֽי־עַתָּ֖ה אַחֲרִ֣ישׁ וְאֶגְוָֽע׃ 20 אַךְ־שְׁ֭תַּיִם אַל־תַּ֣עַשׂ עִמָּדִ֑י אָ֥ז מִ֝פָּנֶ֗יךָ לֹ֣א אֶסָּתֵֽר׃ 21 כַּ֭פְּךָ מֵעָלַ֣י הַרְחַ֑ק וְ֝אֵ֥מָתְךָ֗ אַֽל־תְּבַעֲתַֽנִּי׃ 22 וּ֭קְרָא וְאָנֹכִ֣י אֶֽעֱנֶ֑ה אֽוֹ־אֲ֝דַבֵּ֗ר וַהֲשִׁיבֵֽנִי׃ 23 כַּמָּ֣ה לִ֭י עֲוֺנ֣וֹת וְחַטָּא֑וֹת פִּֽשְׁעִ֥י וְ֝חַטָּאתִ֗י הֹדִיעֵֽנִי׃ 24 לָֽמָּה־פָנֶ֥יךָ תַסְתִּ֑יר וְתַחְשְׁבֵ֖נִי לְאוֹיֵ֣ב לָֽךְ׃ 25 הֶעָלֶ֣ה נִדָּ֣ף תַּעֲר֑וֹץ וְאֶת־קַ֖שׁ יָבֵ֣שׁ תִּרְדֹּֽף׃ 26 כִּֽי־תִכְתֹּ֣ב עָלַ֣י מְרֹר֑וֹת וְ֝תוֹרִישֵׁ֗נִי עֲוֺנ֥וֹת נְעוּרָֽי׃ 27 וְתָ֘שֵׂ֤ם בַּסַּ֨ד ׀ רַגְלַ֗י וְתִשְׁמ֥וֹר כָּל־אָרְחוֹתָ֑י עַל־שָׁרְשֵׁ֥י רַ֝גְלַ֗י תִּתְחַקֶּֽה׃ 28 וְ֭הוּא כְּרָקָ֣ב יִבְלֶ֑ה כְּ֝בֶ֗גֶד אֲכָ֣לוֹ עָֽשׁ׃
ယောဘ၏ကာကွယ်ပြောဆိုခြင်း
1 ထိုအမှုအရာအလုံးစုံတို့ကို ငါ့မျက်စိသည် မြင်ပြီ။ ငါ့နားသည်လည်း ကြား၍ နားလည်ပြီ။ 2 သင်တို့သိသမျှကို ငါသိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။ 3 အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့် ရှိပါစေသော။ 4 သင်တို့သည် တစ်ယောက်မျှမကြွင်း၊ မုသားကို ပြုပြင်သောသူ၊ အသုံးမရသောဆေးသမား ဖြစ်ကြ၏။ 5 သင်တို့သည် စကားတစ်ခွန်းကိုမျှ မပြောဘဲ တိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။
6 ငါပြောမည် အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးနွေးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့။ 7 သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသားကိုသုံးချင်သလော။ 8 မျက်နှာတော်ကိုထောက်လျက်သာ၊ ဘုရားသခင့်တစ်ဖက်၌နေ၍ ငြင်းခုံစစ်တိုက်ချင်သလော။ 9 သင်တို့ကို ကျပ်တည်းစွာ စစ်တော်မူလျှင်၊ သင်တို့၌ ကျေးဇူးရှိလိမ့်မည်လော။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော။ 10 သင်တို့သည် လျှို့ဝှက်၍ သူ့မျက်နှာကိုထောက်လျှင်၊ စင်စစ် သင်တို့ကို ဆုံးမတော်မူမည်။ 11 သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဖွယ်သော ဂုဏ်တော်ကြောင့် မထိတ်လန့်ကြသလော။ 12 သင်တို့၏ နည်းဥပဒေသစကားသည် မြေမှုန့်ထက် သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။ 13 တိတ်ဆိတ်စွာနေ၍ ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ။ 14 သို့သော်လည်း ငါသည် ကိုယ်အသားကို ပါးစပ်နှင့်ကိုက်ချီလျက်၊ ကိုယ်အသက်ကိုလည်း လက်နှင့်ကိုင်လျက် ဆောင်သွားမည်။ 15 ငါ့ကိုသတ်တော်မူ၍၊ ငါမျှော်လင့်စရာမရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်။ 16 ထိုသို့ပြုလျှင် ငါ၏ကယ်တင်ရာအကြောင်း ဖြစ်လိမ့်မည်။ အဓမ္မလူသည် အထံတော်သို့မဝင်ရ။ 17 ငါ့စကားကို စေ့စေ့မှတ်ကြလော့။ ငါ့လျှောက်ထားချက်ကို နားထောင်ကြလော့။ 18 ယခုငါ့အမှုကို ငါပြင်ဆင်ပြီ။ ငါ၌အပြစ်လွတ်ခြင်း ထင်ရှားမည်ဟု ငါသိ၏။ 19 ငါ့အပြစ်ကို ဖော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဖော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။
20 ဒဏ်ခတ်ခြင်းနှစ်ပါးကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော်ကို မရှောင်ပါ။ 21 လက်တော်ကို သိမ်းတော်မူပါ။ ကြောက်မက်ဖွယ်သော အခြင်းအရာတော်အားဖြင့် အကျွန်ုပ်ကို ခြောက်တော်မမူပါနှင့်။ 22 ထိုအခါ ခေါ်တော်မူပါ။ အကျွန်ုပ် ပြန်လျှောက်ပါမည်။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက်ပါမည်။ ကိုယ်တော် အမိန့်ရှိတော်မူပါ။ 23 အကျွန်ုပ်ပြုမိသော ဒုစရိုက်အပြစ်တို့သည် အဘယ်မျှလောက် များပါသနည်း။ အကျွန်ုပ်ပြစ်မှားကျူးလွန်ခြင်း အပြစ်တို့ကို ကျွန်ုပ်အား ပြတော်မူပါ။ 24 ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။ 25 လေတိုက်သော သစ်ရွက်ကို ခြောက်လှန့်တော်မူမည်လော။ မြက်ခြောက်ကိုမီအောင် လိုက်တော်မူမည်လော။ 26 အကျွန်ုပ်၌ ပြင်းစွာ အပြစ်တင်သောစကားကို မှတ်ထားတော်မူ၏။ အကျွန်ုပ်အသက်ငယ်စဉ်တွင် ပြုမိသောအပြစ်ကြောင့် ယခုခံစေတော်မူ၏။ 27 အကျွန်ုပ်ကို ထိတ်ခတ်လျက်၊ အကျွန်ုပ်ထွက်ရာလမ်း ရှိသမျှကို စောင့်လျက်နေ၍၊ အကျွန်ုပ်ပတ်လည်၌ စည်းလုပ်တော်မူ၏။ 28 ထိုသို့ခံရသောသူသည် ဆွေးမြေ့သော အရာကဲ့သို့လည်းကောင်း၊ ပိုးရွကိုက်စားသော အဝတ်ကဲ့သို့လည်းကောင်း အားလျော့ပျက်ရပါ၏။