1 אֲשֶׁ֨ר הָיָ֤ה דְבַר־יְהוָה֙ אֶֽל־יִרְמְיָ֔הוּ עַל־דִּבְרֵ֖י הַבַּצָּרֽוֹת׃ 2 אָבְלָ֣ה יְהוּדָ֔ה וּשְׁעָרֶ֥יהָ אֻמְלְל֖וּ קָדְר֣וּ לָאָ֑רֶץ וְצִוְחַ֥ת יְרוּשָׁלִַ֖ם עָלָֽתָה׃ 3 וְאַדִּ֣רֵיהֶ֔ם שָׁלְח֥וּ צעוריהם לַמָּ֑יִם בָּ֣אוּ עַל־גֵּבִ֞ים לֹא־מָ֣צְאוּ מַ֗יִם שָׁ֤בוּ כְלֵיהֶם֙ רֵיקָ֔ם בֹּ֥שׁוּ וְהָכְלְמ֖וּ וְחָפ֥וּ רֹאשָֽׁם׃ 4 בַּעֲב֤וּר הָאֲדָמָה֙ חַ֔תָּה כִּ֛י לֹא־הָיָ֥ה גֶ֖שֶׁם בָּאָ֑רֶץ בֹּ֥שׁוּ אִכָּרִ֖ים חָפ֥וּ רֹאשָֽׁם׃ 5 כִּ֤י גַם־אַיֶּ֨לֶת֙ בַּשָּׂדֶ֔ה יָלְדָ֖ה וְעָז֑וֹב כִּ֥י לֹֽא־הָיָ֖ה דֶּֽשֶׁא׃ 6 וּפְרָאִים֙ עָמְד֣וּ עַל־שְׁפָיִ֔ם שָׁאֲפ֥וּ ר֖וּחַ כַּתַּנִּ֑ים כָּל֥וּ עֵינֵיהֶ֖ם כִּי־אֵ֥ין עֵֽשֶׂב׃ 7 אִם־עֲוֺנֵ֨ינוּ֙ עָ֣נוּ בָ֔נוּ יְהוָ֕ה עֲשֵׂ֖ה לְמַ֣עַן שְׁמֶ֑ךָ כִּֽי־רַבּ֥וּ מְשׁוּבֹתֵ֖ינוּ לְךָ֥ חָטָֽאנוּ׃ 8 מִקְוֵה֙ יִשְׂרָאֵ֔ל מֽוֹשִׁיע֖וֹ בְּעֵ֣ת צָרָ֑ה לָ֤מָּה תִֽהְיֶה֙ כְּגֵ֣ר בָּאָ֔רֶץ וּכְאֹרֵ֖חַ נָטָ֥ה לָלֽוּן׃ 9 לָ֤מָּה תִֽהְיֶה֙ כְּאִ֣ישׁ נִדְהָ֔ם כְּגִבּ֖וֹר לֹא־יוּכַ֣ל לְהוֹשִׁ֑יעַ וְאַתָּ֧ה בְקִרְבֵּ֣נוּ יְהוָ֗ה וְשִׁמְךָ֛ עָלֵ֥ינוּ נִקְרָ֖א אַל־תַּנִּחֵֽנוּ׃ ס 10 כֹּֽה־אָמַ֨ר יְהוָ֜ה לָעָ֣ם הַזֶּ֗ה כֵּ֤ן אָֽהֲבוּ֙ לָנ֔וּעַ רַגְלֵיהֶ֖ם לֹ֣א חָשָׂ֑כוּ וַיהוָה֙ לֹ֣א רָצָ֔ם עַתָּה֙ יִזְכֹּ֣ר עֲוֺנָ֔ם וְיִפְקֹ֖ד חַטֹּאתָֽם׃ ס 11 וַיֹּ֥אמֶר יְהוָ֖ה אֵלָ֑י אַל־תִּתְפַּלֵּ֛ל בְּעַד־הָעָ֥ם הַזֶּ֖ה לְטוֹבָֽה׃ 12 כִּ֣י יָצֻ֗מוּ אֵינֶ֤נִּי שֹׁמֵ֨עַ֙ אֶל־רִנָּתָ֔ם וְכִ֧י יַעֲל֛וּ עֹלָ֥ה וּמִנְחָ֖ה אֵינֶ֣נִּי רֹצָ֑ם כִּ֗י בַּחֶ֨רֶב֙ וּבָרָעָ֣ב וּבַדֶּ֔בֶר אָנֹכִ֖י מְכַלֶּ֥ה אוֹתָֽם׃ ס 13 וָאֹמַ֞ר אֲהָ֣הּ ׀ אֲדֹנָ֣י יְהוִ֗ה הִנֵּ֨ה הַנְּבִאִ֜ים אֹמְרִ֤ים לָהֶם֙ לֹֽא־תִרְא֣וּ חֶ֔רֶב וְרָעָ֖ב לֹֽא־יִהְיֶ֣ה לָכֶ֑ם כִּֽי־שְׁל֤וֹם אֱמֶת֙ אֶתֵּ֣ן לָכֶ֔ם בַּמָּק֖וֹם הַזֶּֽה׃ ס 14 וַיֹּ֨אמֶר יְהוָ֜ה אֵלַ֗י שֶׁ֚קֶר הַנְּבִאִים֙ נִבְּאִ֣ים בִּשְׁמִ֔י לֹ֤א שְׁלַחְתִּים֙ וְלֹ֣א צִוִּיתִ֔ים וְלֹ֥א דִבַּ֖רְתִּי אֲלֵיהֶ֑ם חֲז֨וֹן שֶׁ֜קֶר וְקֶ֤סֶם ואלול ותרמות לִבָּ֔ם הֵ֖מָּה מִֽתְנַבְּאִ֥ים לָכֶֽם׃ ס 15 לָכֵ֞ן כֹּֽה־אָמַ֣ר יְהוָ֗ה עַֽל־הַנְּבִאִ֞ים הַנִּבְּאִ֣ים בִּשְׁמִי֮ וַאֲנִ֣י לֹֽא־שְׁלַחְתִּים֒ וְהֵ֨מָּה֙ אֹֽמְרִ֔ים חֶ֣רֶב וְרָעָ֔ב לֹ֥א יִהְיֶ֖ה בָּאָ֣רֶץ הַזֹּ֑את בַּחֶ֤רֶב וּבָֽרָעָב֙ יִתַּ֔מּוּ הַנְּבִאִ֖ים הָהֵֽמָּה׃ 16 וְהָעָ֣ם אֲשֶׁר־הֵ֣מָּה נִבְּאִ֣ים לָהֶ֡ם יִֽהְי֣וּ מֻשְׁלָכִים֩ בְּחֻצ֨וֹת יְרוּשָׁלִַ֜ם מִפְּנֵ֣י ׀ הָרָעָ֣ב וְהַחֶ֗רֶב וְאֵ֤ין מְקַבֵּר֙ לָהֵ֔מָּה הֵ֣מָּה נְשֵׁיהֶ֔ם וּבְנֵיהֶ֖ם וּבְנֹֽתֵיהֶ֑ם וְשָׁפַכְתִּ֥י עֲלֵיהֶ֖ם אֶת־רָעָתָֽם׃ 17 וְאָמַרְתָּ֤ אֲלֵיהֶם֙ אֶת־הַדָּבָ֣ר הַזֶּ֔ה תֵּרַ֨דְנָה עֵינַ֥י דִּמְעָ֛ה לַ֥יְלָה וְיוֹמָ֖ם וְאַל־תִּדְמֶ֑ינָה כִּי֩ שֶׁ֨בֶר גָּד֜וֹל נִשְׁבְּרָ֗ה בְּתוּלַת֙ בַּת־עַמִּ֔י מַכָּ֖ה נַחְלָ֥ה מְאֹֽד׃ 18 אִם־יָצָ֣אתִי הַשָּׂדֶ֗ה וְהִנֵּה֙ חַלְלֵי־חֶ֔רֶב וְאִם֙ בָּ֣אתִי הָעִ֔יר וְהִנֵּ֖ה תַּחֲלוּאֵ֣י רָעָ֑ב כִּֽי־גַם־נָבִ֧יא גַם־כֹּהֵ֛ן סָחֲר֥וּ אֶל־אֶ֖רֶץ וְלֹ֥א יָדָֽעוּ׃ ס 19 הֲמָאֹ֨ס מָאַ֜סְתָּ אֶת־יְהוּדָ֗ה אִם־בְּצִיּוֹן֙ גָּעֲלָ֣ה נַפְשֶׁ֔ךָ מַדּ֨וּעַ֙ הִכִּיתָ֔נוּ וְאֵ֥ין לָ֖נוּ מַרְפֵּ֑א קַוֵּ֤ה לְשָׁלוֹם֙ וְאֵ֣ין ט֔וֹב וּלְעֵ֥ת מַרְפֵּ֖א וְהִנֵּ֥ה בְעָתָֽה׃ 20 יָדַ֧עְנוּ יְהוָ֛ה רִשְׁעֵ֖נוּ עֲוֺ֣ן אֲבוֹתֵ֑ינוּ כִּ֥י חָטָ֖אנוּ לָֽךְ׃ 21 אַל־תִּנְאַץ֙ לְמַ֣עַן שִׁמְךָ֔ אַל־תְּנַבֵּ֖ל כִּסֵּ֣א כְבוֹדֶ֑ךָ זְכֹ֕ר אַל־תָּפֵ֥ר בְּרִֽיתְךָ֖ אִתָּֽנוּ׃ 22 הֲיֵ֨שׁ בְּהַבְלֵ֤י הַגּוֹיִם֙ מַגְשִׁמִ֔ים וְאִם־הַשָּׁמַ֖יִם יִתְּנ֣וּ רְבִבִ֑ים הֲלֹ֨א אַתָּה־ה֜וּא יְהוָ֤ה אֱלֹהֵ֨ינוּ֙ וּ֨נְקַוֶּה־לָּ֔ךְ כִּֽי־אַתָּ֥ה עָשִׂ֖יתָ אֶת־כָּל־אֵֽלֶּה׃ פ
ကြောက်မက်ဖွယ်မိုးခေါင်ခြင်း
1 မိုးပြတ်သောအမှုကိုရည်မှတ်၍၊ ယေရမိသို့ရောက်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ 2 ယုဒပြည်သည်ညည်းတွား၏။ မြို့တံခါးတို့၌ မြည်တမ်းသော အသံရှိ၏။ နက်သောအဝတ်ကို မြေတိုင်အောင်ဝတ်၍၊ ယေရုရှလင်မြို့သားတို့၏ငိုကြွေးခြင်းအသံသည် တက်လေ၏။ 3 မှူးမတ်တို့သည် မိမိသူငယ်တို့ကို ရေခပ်စေလွှတ်၍၊ သူငယ်တို့သည် ရေကျင်းသို့ရောက်သောအခါ၊ ရေကိုမတွေ့။ အိုးသက်သက်ကိုသာဆောင်ခဲ့လျက် ပြန်လာကြ၏။ ဦးခေါင်းကို ခြုံလျက် ရှက်ကြောက်မှိုင်တွေကြ၏။ 4 မိုးပြတ်၍မြေအက်ကွဲသောကြောင့်၊ လယ်လုပ်သော သူတို့သည် ဦးခေါင်းကိုခြုံလျက် ရှက်ကြောက်ကြ၏။ 5 သမင်မသည် လယ်ပြင်၌မွေးသောအခါ မြက်မရှိသောကြောင့်၊ သားငယ်ကို စွန့်ပစ်၏။ 6 မြည်းရိုင်းတို့သည် မြင့်သောအရပ်ပေါ်မှာ ရပ်လျက် မြေခွေးကဲ့သို့ လေကိုရှူကြ၏။ မြက်မရှိသောကြောင့်၊ သူတို့မျက်စိပျက်လေ၏။
7 အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏အပြစ်သည် အကျွန်ုပ်တို့တစ်ဖက်၌ သက်သေခံသော်လည်း၊ နာမတော်ကို ထောက်၍ စီရင်တော်မူပါ။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာ ဖောက်ပြန်ပါပြီ။ ကိုယ်တော်ကို ပြစ်မှားပါပြီ။ 8 အို ဣသရေလအမျိုး၏မျှော်လင့်စရာအကြောင်း၊ အမှုရောက်သောကာလ ကယ်တင်တော်မူသောသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ပြည်၌ ဧည့်သည်ကဲ့သို့လည်းကောင်း၊ တစ်ညသာ အိပ်ခြင်းငှာဝင်သော ခရီးသွားကဲ့သို့လည်းကောင်း၊ အဘယ်ကြောင့် ဖြစ်တော်မူသနည်း။ 9 မိန်းမောတွေဝေသော သူကဲ့သို့လည်းကောင်း၊ ကယ်တင်ခြင်းငှာမတတ်နိုင်သော သူရဲကဲ့သို့လည်းကောင်း၊ အဘယ်ကြောင့် ဖြစ်တော်မူသနည်း။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့တွင်ရှိတော်မူ၏။ အကျွန်ုပ်တို့သည်နာမတော်ဖြင့် သမုတ်သောသူဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
10 ဤလူမျိုးကိုရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤလူတို့သည် လှည့်လည်ခြင်းငှာ အလွန်အလိုရှိကြ၏။ မိမိတို့ခြေကို မချုပ်တည်းကြ။ ထိုကြောင့်၊ ထာဝရဘုရားနှစ်သက်တော်မမူ။ သူတို့ပြုသော ဒုစရိုက်ကိုအောက်မေ့၍၊ သူတို့အပြစ်များကြောင့် စစ်ကြောတော်မူမည်။ 11 ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ ဤလူမျိုးအဖို့ မေတ္တာပို့၍ ဆုမတောင်းနှင့်။ 12 သူတို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ၊ သူတို့အော်ဟစ်သံကို ငါနားမထောင်။ မီးရှို့ရာယဇ်ကို သော်လည်းကောင်း၊ ပူဇော်သကာကိုသော်လည်းကောင်း၊ ဆက်ကပ်သောအခါ ငါလက်မခံ။ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့်၊ သူတို့ကို ငါဆုံးစေမည်ဟုမိန့်တော်မူလျှင်၊ 13 ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ ပရောဖက်တို့က၊ သင်တို့သည် ဓားဘေးကို မတွေ့ရကြ။ မွတ်သိပ်ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရ။ ဤအရပ်၌ မြဲသောငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ဤသူတို့အားဟောပြောကြောင်းကို ငါလျှောက်သောအခါ၊ 14 ထာဝရဘုရားက၊ ထိုပရောဖက်တို့သည် ငါ၏နာမကိုအမှီပြု၍ မုသားကို ဟောတတ်ကြ၏။ သူတို့ကို ငါမစေလွှတ်၊ မမှာထား၊ ဗျာဒိတ်မပေး။ သူတို့ဟောပြောချက်တို့သည် မျက်စိကိုလှည့်ခြင်း၊ နတ်ပူးခြင်း၊ အချည်းနှီးကြံစည်ခြင်း၊ မိမိဉာဏ်အတိုင်း လှည့်စားခြင်း သက်သက်ဖြစ်ကြ၏။
15 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးမရှိရဟု၊ ငါမစေလွှတ်ဘဲ၊ ငါ့နာမကို အမှီပြု၍၊ ကိုယ်အလိုအလျောက် ဟောပြောသော ပရောဖက်တို့သည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရကြလိမ့်မည်။ 16 သူတို့၏ တရားနာပရိသတ်တို့သည် ကိုယ်တိုင်မှစ၍၊ မယား သားသမီးတို့နှင့်တကွ မွတ်သိပ်ခြင်းဘေး၊ ဓားဘေးကြောင့်၊ ယေရုရှလင်မြို့လမ်းထဲသို့ ပစ်ချခြင်းကိုခံရ၍၊ အဘယ်သူမျှ မသင်္ဂြိုဟ်ရ။ သူတို့၏အပြစ်ကို သူတို့အပေါ်သို့ ငါညွှန်းလောင်းမည်။ 17 သင်သည်လည်း သူတို့အား ပြောရမည့်စကားဟူမူကား၊ ငါသည် နေ့ညမပြတ် မျက်ရည်ကျရမည်။ ငါ၏လူမျိုးသတို့သမီးသည် အလွန်ပြင်းစွာသော ဒဏ်ချက်ကိုခံရ၍ အရိုးများကျိုးလေပြီ။ 18 ငါသည် မြို့ပြင်သို့သွားသောအခါ၊ သတ်သောအသေကောင်များကို တွေ့ရ၏။ မြို့ထဲသို့ဝင်သောအခါ၊ ငတ်မွတ်၍ နာကျင်စွာခံရသောသူများကိုလည်း တွေ့ရ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် အဘယ်အမှုကိုမျှ မသိဘဲ အရပ်ရပ်လှည့်လည်ကြ၏။
လူတို့၏လျှောက်လဲခြင်း
19 ကိုယ်တော်သည် ယုဒပြည်ကို အကုန်အစင်ပယ်တော်မူသလော။ ဇိအုန်မြို့ကို စက်ဆုပ်ရွံရှာတော်မူသလော။ ချမ်းသာမရအောင် အကျွန်ုပ်တို့ကို အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ အကျွန်ုပ်တို့သည် ငြိမ်သက်ခြင်းကိုမျှော်လင့်သော်လည်း၊ ကောင်းကျိုးကို မရကြပါ။ ချမ်းသာကို မျှော်လင့်သော်လည်း၊ ဘေးနှင့်သာတွေ့ရကြပါ၏။ 20 အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်ဒုစရိုက်များနှင့် ဘိုးဘေးတို့၏အပြစ်များကို ဝန်ချပါ၏။ ကိုယ်တော်ကို ပြစ်မှားပါပြီ။ 21 ကိုယ်တော်၏နာမကြောင့်၊ အကျွန်ုပ်တို့ကို စက်ဆုပ်ရွံရှာတော်မမူပါနှင့်။ ဘုန်းတော်ပလ္လင်၏ အသရေကို ရှုတ်ချတော်မမူပါနှင့်။ အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့နှင့်ဖွဲ့သောပဋိညာဉ်တော်ကို ဖျက်တော်မမူပါနှင့်။ 22 သာသနာပလူတို့ ကိုးကွယ်သော ရုပ်တုဆင်းတုတို့တွင်၊ မိုးရွာစေနိုင်သောသူရှိပါသလော။ မိုးသည် အလိုလို ရွာနိုင်ပါသလော။ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင်တတ်နိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍၊ ကိုယ်တော်ကို မျှော်လင့်လျက်နေပါမည်။ ကိုယ်တော်သည် အလုံးစုံတို့ကို ဖန်ဆင်းသောဘုရား ဖြစ်တော်မူ၏။